ဖမ်းဆီးခံ ကျောင်းသားတချို့ ကျန်းမာရေး ဆိုးရွား

  • 12 ဇွန် 2015
Letpadan Protesters were broken down in March ဓာတ်ပုံ မူပိုင် Reuters
Image caption ပြီးခဲ့တဲ့ မတ်လက သပိတ်ကျောင်းသား တွေကို လက်ပံတန်းမှာ ဖြိုခွဲခဲ့

အကျဉ်းထောင်တွေမှာ ထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ နဲ့ နိုင်ငံရေးအကျဉ်းသား တချို့ ရဲ့ ကျန်းမာရေး အခြေအနေဟာ အခုရက်ပိုင်း အတွင်း သိသိ သာသာ ဆိုးရွားလာနေတဲ့ အတွက် ဆေးကုသ ပေးဖို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ အပါအဝင် နိုင်ငံရေး အကျဉ်းသား တွေကို ကူညီ နေတဲ့ အဖွဲ့တွေက အစိုးရနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုက်တွန်းနေပါတယ်။

ကျန်းမာရေး အခြေ အနေကြောင့် အရေးပေါ် ဆေးရုံတင်ရ သူတွေ ရှိနေပါတယ်။

လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းခံထားရသူတွေ ထဲက ကိုခင်လှိုင်ဟာ ဇွန်လ ၉ ရက်နေ့ ရုံးထုတ်တုန်းက သွေးအန်ပြီး ရန်ကုန်ဆေးရုံကို အရေးပေါ်တင်ခဲ့ရ သလို ကိုတင်ဝင်းဆိုသူ ဟာလည်း ဇွန်လ ၂ ရက်နေ့က အရေးပေါ် ခွဲစိတ် ကုသခံခဲ့ရ ပါတယ်။

သာယာဝတီထောင် ထဲက ကျောင်းသား ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ကိုမင်းသွေးသစ်ကတော့ ဖမ်းဆီးတုန်းက ရိုက်နှက်ထားတဲ့ ဒဏ်ရာ တွေကြောင့် ရာသီဥတု အေးတဲ့အခါ နာကျင်ကိုက်ခဲမှုကို အပြင်း အထန် ခံစားနေရတယ်လို့ သူ့မိခင်က ပြေပါတယ်။

ဇွန်လ ၁၁ ရက် ကြာသပတေးနေ့ကလည်း ကိုမင်းသွေးသစ် မူးလဲတယ် ဆိုလို့ သူ့မိခင် ဒေါ်ခင်ခင်ယုက အရေးပေါ် ထောင်ဝင်စာ သွားခဲ့တယ်လို့ ပြောပါတယ်။ သာယာဝတီ ထောင်ထဲမှာ ထိန်းသိမ်းခံ ထားရတဲ့ ကိုမင်းသွေးသစ် အပါအဝင်၊ မဟန်နီဦး၊ မခိုင်မာငြိမ်းနဲ့ မဟန်နီဦး စတဲ့ ဗကသ ကျောင်းသူ တွေလည်း ဆေးကုသမှုတွေ လိုအပ် နေတယ်လို့ ဒေါ်ခင်ခင်ယုပြောပါတယ်။

ဗကသ ကျောင်းသားတွေထဲက အတော်များများ အတွင်း ဒဏ်ရာရထားတာ တွေကို အမြန်ဆုံး ဆေးကုသပေးဖို့ ဗကသ က တောင်းဆိုပါတယ်။

ကြာရှည် ဆေးကုသမှု မရရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ထပ်ဖြစ်လာရင် အစိုးရနဲ့ လွှတ်တော်မှာ တာဝန်ရှိတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အလားတူပဲ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေ ပီပီကလည်း သာယာဝတီ ထောင်က ကျောင်းသားတွေအပြင် တခြားထောင်တွေမှာ အကျဉ်းကျနေကြတဲ့ ကျန်းမာရေး မကောင်းတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စစ်ဆေး ကုသပေးဖို့တောင်းဆိုထားပါတယ်။

လက်ရှိ အကျဉ်းသားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေဟာ အရင် စစ်အစိုးရ လက်ထက်ကပုံစံနဲ့ ထပ်တူနီးပါးဖြစ်နေတဲ့အကြောင်း အေအေပီပီ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

ထောင်တွင်းမှာ ရင်ဆိုင်နေရတဲ့ ကျန်းမာရေး အခြေ အနေဟာ တကယ်ပဲ နိုင်ငံရေးအကျဉ်းသား ကူညီရေးအဖွဲ့တွေနဲ့ မိသားစုဝင်တွေပြောသလို ဖြစ်နေသလားဆိုတာ ထောင်အာဏာပိုင်တွေ ဘက်က တုံ့ပြန်မှု ရအောင် ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ