ထိမ်းမြားခြင်း ဥပဒေကြမ်းကို လွှတ်တော်မှာ ကန့်ကွက်

Burma Parliament ဓာတ်ပုံ မူပိုင် AFP
Image caption ဗုဒ္ဓဘာသာဝင် မိန်းမများ ထိမ်းမြားခြင်း ဥပဒေကို လွှတ်တော် နှစ်ရပ် သဘောထားကွဲ

ပြည်တွင်း ပြည်ပ လူ့အခွင့် အရေး အဖွဲ့တွေက ကန့်ကွက်နေတဲ့ မြန်မာ ဗုဒ္ဓဘာသာ ဝင်မိန်းမများ အထူး ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော် နှစ်ရပ်ကြား သဘောထား ကွဲလွဲ နေတဲ့ အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဆက်လက် ဆွေးနွေး ရမှာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းဟာ တိုင်းရင်းသား တွေကို သွေးခွဲ ဆက်ဆံတဲ့ ဥပဒေ ဖြစ်တဲ့အတွက် မပြဌာန်းဖို့ ချင်းပြည်နယ် ထန်တလန် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ် ဇာထလန်းက ကန့်ကွက်ပါတယ်။

ဒါ့အပြင် ဒီဥပဒေကြမ်းဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့လည်း မကိုက်ညီဘဲ အမျိုးသမီးတွေကို ကာကွယ် ပေးမဲ့ အစား ချည်နှောင်တာသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဆောင်ရွက် နေတဲ့ အခုလို အချိန်မှာ ဒီဥပဒေကို အဆော တလျင် မပြဌာန်းဖို့ ဆွေးနွေးခဲ့ ပါတယ်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဆောင်ရွက်နေတဲ့ အချိန်မှာ တိုင်းရင်းသား လူမျိုး အားလုံးကို အကာအကွယ် ပေးသင့်တယ်၊ အခုတော့ မြန်မာ ဗုဒ္ဓ ဘာသာ တွေကို ခွဲထုတ်သလို ဖြစ်နေတယ်လို့ NLD ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်း လှိုင်က ပြောပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဖက်ကတော့ ဒီဥပဒေဟာ အသစ်ပြဌာန်းတာ မဟုတ်ဘဲ ၁၉၅၄ ခုနှစ်က ဥပဒေကို ခေတ်နဲ့ လျော်ညီအောင် ပြန်လည် ပြင်ဆင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့ အခါ ကန့်ကွက်သူတွေဖက်က ၃၇ မဲသာ ရခဲ့တဲ့ အတွက်ရှုံးနိမ့် သွားခဲ့ပါတယ်။

ဒီ ဥပဒေကြမ်း အပါအဝင် မျိုးစောင့် ဥပဒေကြမ်း လေးခုကို ပြဌာန်းဖို့ ဆောင်ရွက်နေခြင်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ နဲ့ အနောက်နိုင်ငံတွေ အပါ အဝင် လူ့အခွင့်အရေး အဖွဲ့တွေက ကန့်ကွက် ဝေဖန်မှုတွေ ပြုလုပ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ