ရခိုင်မှာ အစိမ်းရောင် ကတ်ပြားတွေ ထုတ်ပေး

  • 16 ဇွန် 2015
 white card
Image caption ဝှိုက်ကတ် ကိုင်သူတွေ မဲပေးခွင့် မပြုဖို့ ဆန္ဒပြခဲ့

ရခိုင် ပြည်နယ် မှာ ယာယီ သက်သေခံ အဖြူရောင် ဝှိုက်ကတ် တွေ အပ်နှံ သူတွေ ကို နိုင်ငံသား စိစစ် ခံရမယ့် အစိမ်းရောင် ကတ်ပြား တွေ စထုတ် ပေးနေပြီ လို့ သိရ ပါတယ်။

အခု အဖြူရောင် ဝှိုက်ကတ် အပ်နှံ တဲ့သူ တွေကို နောက်ထပ် အစိမ်းရောင် နိုင်ငံသား စိစစ် ခံရမယ့် ကတ်ပြား တွေကို ဒီလ ၅ ရက်က စပြီး ရခိုင်ပြည်နယ် တောင်ပြို မြို့နယ်ခွဲ အပါအဝင် မြို့နယ် ၁၄ ခုမှာ စထုတ်ပေး နေပြီ ဖြစ်ပါတယ်။

အခု ထုတ်ပေးတဲ့ ကတ်ပြား က ယခင် ထုတ်ပေးခဲ့တဲ့ အဖြူရောင် ကတ်ပြားနဲ့ မတူ တာက ဒီကတ် ဟာ နိုင်ငံသား စိစစ် ခံနိုင်ရေး အတွက် ထုတ်ပေးတဲ့ ကတ် ဖြစ်တယ်လို့ ရခိုင် ပြည်နယ် လဝက ညွှန်မှူး ဦးခင်စိုးက ဆို ပါတယ်။

နိုင်ငံသား ဖြစ်လိုသူတွေ အနေနဲ့ နိုင်ငံသား အဖြစ် ဒီကတ်ကို ကိုင်ပြီး လျှောက်ထား နိုင်တယ်လို့ ပြောပါတယ်။

လျှောက်ထားတဲ့သူ တွေကို နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား ဆိုပြီး အမျိုးအစား ခွဲခြားပြီး တည်ဆဲ ဥပဒေတွေနဲ့ အညီ အတည်ပြု ပေးသွားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် အတွင်း ဝှိုက်ကတ် ခြောက်သိန်း ကျော် ရှိရာ မှာ အပ်နှံသူ လေးသိန်းကျော် ရှိတဲ့ အတွက် အပ်နှံသူတွေ အကုန်လုံး ကို ဒီ အစိမ်းရောင် ကတ်တွေကို ထုတ်ပေးသွားမယ် လို့ ဆိုပါတယ်။

ဝှိုက်ကတ် မအပ်နှံဘဲ ကျန်နေခဲ့သူ တွေကို ဥပဒေနဲ့ အညီ အရေးယူ သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံသား အခွင့်အရေး အပြည့် အဝ ရလိုတယ် ဆိုရင် နိုင်ငံသား လျှောက်ထားဖို့ လိုအပ်ပြီး အခု ကတ် က နိုင်ငံသား လျှောက်ထား နိုင်အောင် ထုတ်ပေးတဲ့ သက်သေခံ ကတ်ပြား ဖြစ်တဲ့ အတွက် ပြည်နယ် တွင်းနဲ့ ပြည်နယ်ကျော် ခရီးသွား လိုရင် သက်ဆိုင်ရာကို လျှောက်ထားပြီး သွားလာခွင့် ရကြမယ်လို့ ညွှန်ကြားရေးမှူး ဦးခင်စိုး က ရှင်းပြပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ