ဖားကန့်မှာ တိုက်ပွဲ ပြန်ဖြစ်

KIA Soldiers ဓာတ်ပုံ မူပိုင် Getty
Image caption ကေအိုင်အေ တပ်ရင်း ၆ နေရာမှာ တိုက်ပွဲတွေဖြစ်

လပေါင်း အတန်ကြာ တိတ်ဆိတ် နေခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့် ဒေသမှာ ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်မှာတော့ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေပြန်ဖြစ်နေ ပါတယ်။

ဖားကန့်နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ နန်ဆမ်ချောင်း ဘေးက အောင်လင်းရွာနားမှာ ကေအိုင်အေ တပ်ရင်း၆ နဲ့ အစိုးရ စစ်တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ အရင်က အောင်ဘာလေနဲ့ ကန်စီးအရပ်မှာ ရှိခဲ့တဲ့ ကေအိုင်အေ တပ်ရင်း၆ ကို အခု ၇ မိုင်လောက်အကွာကို ရွှေ့သွားတာ ဖြစ်ပြီး အဲဒီနေရာမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ဖားကန့်မှာ နေတဲ့ လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

တိုက်ပွဲဖြစ် နေတဲ့ နေရာက ကေအိုင်အေ တပ်ရင်း၆ တပ်ရင်းမှူး ကတော့ ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်မှာ အစိုးရ စစ်တပ်ရဲ့ ခမရ ၄၂၃ နဲ့ ခမရ ၄၂၄ တို့နဲ့ ကေအိုင်အေ တိုက်ပွဲ ၄ ကြိမ်စီ ဖြစ်ခဲ့ကြောင်း ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ရွာသားတချို့ ပိတ်မိ နေတာရှိနေသလို အရင်စစ်ပွဲတွေကြောင့် နေအိမ် မပြန်နိုင်ကြသေးသူတွေလည်း ဖားကန့် စစ်ရှောင်ဒုက္ခသည် စခန်းတွေမှာ ရှိနေပါ သေးတယ်။

အခု တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာမှာ တောင်ယာ စိုက်ပျိုးရေး လုပ်နေသူ ဒေသခံ ၁၀၀ကျော်လောက် ရှိနေပြီး တိုက်ပွဲထဲမှာ ပိတ်မိနေလို့ ဖားကန့်ဖက်ကို ထွက်မလာနိုင် သေးတဲ့ အကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ အခုနှစ်ဆန်းပိုင်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်ရင်းကနေ ပြေးလာကြတဲ့ စစ်ရှောင် ဒုက္ခသည်တွေလည်း သူတို့ဒေသတွေကို မပြန်နိုင်သေးဘဲ ဖားကန့်နဲ့ လုံးခင်း ဒေသတွေမှာ ရှိနေသေးတယ်လို့ သိရပါတယ်။

လအတန်ကြာ တိုက်ပွဲတွေ ငြိမ်နေပြီး ခုရက်ပိုင်းမှာမှ တိုက်ပွဲတွေ ပြန်ဖြစ်လာ တာဟာ ရွေးကောက်ပွဲနီးလို့ နယ်မြေစိုးမိုးရေး လုပ်တာဖြစ်နိုင်သလို အရင် ၂၀၁ဝတုန်းကလို မငြိမ်မသက် ဖြစ်လို့ဆိုပြီး ရွေးကောက်ပွဲတွေ လုပ်မပေးခဲ့တဲ့ ပုံစံအတိုင်း မတည်ငြိမ်အောင် လုပ်လာတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေကြားမှာ ပြောဆိုနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ