ထိုင်းအနွယ် မြန်မာနိုင်ငံသားဒုက္ခသည်တွေ ထိုင်းနိုင်ငံသားဖြစ်လာ

  • 17 ဇွန် 2015
_thai_citizenship_
Image caption ထိုင်းနိုင်ငံသား အဖြစ် အသိအမှတ် ပြုခံ လိုက်ရတဲ့ မြ၀တီမြို့နယ် ဟွေ့စန့်ရွာသားတွေ။

ထိုင်းနိုင်ငံ မှာ နိုင်ငံမဲ့ အဖြစ် နှစ် အတော်ကြာ နေထိုင် လာကြပြီ ဖြစ်တဲ့ မြန်မာနိုင်ငံဖွား ထိုင်းအနွယ် မြန်မာနိုင်ငံသား ၆ ယောက် ကို ထိုင်းအစိုးရ အမိန့် နဲ့ ဇွန်လ ၁၇ ရက် ဗုဒ္ဓဟူး နေ့ မွန်းလွဲပိုင်း တုံးက မဲဆောက် မြို့ပိုင်ရုံး မှာ ချက်ချင်း ထိုင်းနိုင်ငံသား မှတ်ပုံတင် ကတ်ပြား တွေကို ထုတ်ပေးလိုက်ပါတယ်။

အဲဒီလို ထိုင်းနိုင်ငံသား မှတ်ပုံတင်ကတ် တွေ ရသွား တဲ့အမျိုးသား ၃ ယောက် နဲ့အမျိုးသမီး ၃ ယောက် ဟာ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီ မြို့နယ် ထဲက ဟွေ့စန့်ရွာသား တွေ ဖြစ်ကြ ပါတယ်။

သူတို့ဟာ ကရင်ပြည်နယ် တွင်း စစ်ပွဲတွေကြောင့် လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် ကတည်းက စစ်ပြေး ဒုက္ခသည် တွေ အဖြစ် နဲ့ ထိုင်းဘက် ကို ထောင်နဲ့ချီ ထွက်ပြေး တိမ်းရှောင် လာတဲ့ သူတွေ ထဲက ဖြစ်ပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံသား ဖြစ်ခွင့် လျှောက် ထားခဲ့ကြ တာ နှစ် အတော် ကြာ သွားပါပြီ။

ကြံ့ကြာ နေတဲ့ အတွက် ထိုင်း ရှေ့နေများ ကောင်စီ ရဲ့ အကူအညီ နဲ့ အခြေခံ ဥပဒေ တရားရုံး မှာ ထိုင်း ပြည်ထဲရေး ၀န်ကြီး ဌာန ကို တရားစွဲတာ အနိုင် ရသွား လို့ အခုလို ချက်ချင်း ထိုင်းနိုင်ငံသား မှတ်ပုံတင် ကတ်ပြား တွေ ရသွား ကြတာပါ။

ထိုင်းအစိုးရ ဟာ တဆက်တည်း မှာပဲ မဲဆောက် အပါအ၀င် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် နယ်စပ် ၅ မြို့နယ် အတွင်းက ထိုင်း အနွယ်ဖွား မြန်မာနိုင်ငံသား စစ်ပြေး ဒုက္ခသည် တွေ အားလုံးကို ပါ ထိုင်း နိုင်ငံသား မှတ်ပုံတင် တွေ ထုတ်ပေး လိုက်ဖို့ အခု ဇွန်လ ၈ ရက်နေ့ နေ့စွဲ နဲ့ အမိန့် ထုတ်ပြန် ခဲ့ ပါတယ်။

ထိုင်းအနွယ်ဖွား မြန်မာ နိုင်ငံသား ဆိုတာ မြန်မာနိုင်ငံ နယ်နိမိတ် ထဲမှာ နေထိုင် တဲ့ ထိုင်း လူမျိုးတွေ နဲ့ အနွယ်တူ လူမျိုးတွေ ကို ဆိုလိုတာပါ။

ထိုင်း နိုင်ငံသားရဖို့ ကျန်နေသေးတဲ့ မဲဆောက်က လူ ၄ ရာကျော် လည်း နဲ့ ပတ်သက်ပြီး တော့ လည်း အမြန်ဆုံး မဲဆောက် မြို့ပိုင်ရုံး ကို လာပြီး ဆက်သွယ်ကြဖို့ နဲ့ လာမယ့် ဇူလိုင်လ ၁ ရက် နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုပွဲ လုပ်မှာ ဖြစ်တယ် လို့ နိုင်ငံမဲ့ တွေ အရေး ဆောင်ရွက် ပေးနေတဲ့ ထိုင်းရှေ့နေများ ကောင်စီ လူ့အခွင့်အရေး၊ နိုင်ငံမဲ့များအရေး နဲ့ ရွှေ့ပြောင်း အလုပ်သမား ရေးရာ ဌာန တာ၀န်ခံ နိုင်ဆူရဖုန် ကောင်ကျန်ထစ် က ဘီဘီစီ ကို ပြောပါတယ်။

ကျမ်း သစ္စာ ပြုပွဲအ ပြီး ၃ လ အတွင်း အားလုံး ထိုင်း နိုင်ငံသား မှတ်ပုံတင် ကတ်ပြားတွေ ရ ကြမယ် လို့ လည်း နိုင်ဆူရဖုန် ကောင်ကျန်ထစ် က ဆိုပါတယ်။

တာ့ခ် ခရိုင် ထဲမှာ ထိုင်းနွယ်ဖွား မြန်မာနိုင်ငံသား စစ်ပြေး ဒုက္ခသည် တွေ သောင်းနဲ့ချီ ရှိခဲ့ ပါတယ်။

ထိုင်း-မြန်မာ နယ်စပ် တလျှောက် လုံးမှာ ဆိုရင်တော့ တစ်သိန်း ကျော်ပါတယ်။

ထိုင်း အစိုးရ အဆက်ဆက် က အဲဒီ လူတွေကို တသုတ်ပြီး တသုတ် နိုင်ငံသား ပေးလာ ခဲ့ပေမယ့် အခု အချိန် အထိ ထိုင်း-မြန်မာ နယ်စပ် တလျှောက်လုံး မှာ ထိုင်း နိုင်ငံသား ရဖို့ စောင့်ဆိုင်း နေသူ တွေ သောင်းနဲ့ ချီ ကျန်နေ ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ