ရေကူးတင်ဒါ ကိစ္စ လွှတ်တော် မှာ ပြောကြား

  • 18 ဇွန် 2015
ye htut ဓာတ်ပုံ မူပိုင် AFP
Image caption ရေကူး တင်ဒါ ကိစ္စ ဦးရဲထွဋ် ရှင်းလင်း

မရမ်းကုန်းက ရေကူး အသံလွှင့်ရုံ ဟောင်း တင်ဒါ ကိစ္စ လွှတ်တော် ဆုံးဖြတ်ချက် အတွက် ပြန်ကြားရေး ဌာန လုပ်ဆောင်ချက် ဟာ ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက် ကို ဖောက်ဖျက် တယ် ဆိုပြီး စွဲချက် တင်ရင် ရင်ဆိုင်ဖို့ အသင့် ရှိတယ် လို့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က လွှတ်တော် မှာ ပြောကြား ခဲ့ ပါတယ်။

ရေကူး အသံလွှင့်ရုံ ဟောင်း တင်ဒါ ခေါ်ဆိုမှု နဲ့ပတ်သက် ပြီး သက်ဆိုင်ရာ တာဝန်ရှိ သူတွေ ရဲ့ ပြန်ကြား စာနဲ့ ပတ်သက် ပြီး ပြည်ထောင်စု လွှတ်တော် မှာ ကြာသပတေး နေ့က ဆွေးနွေး ခဲ့ကြပါတယ် ။

ဒီလို ဆွေးနွေးတဲ့ အခါမှာ တဘက်နဲ့ တဘက် အချေအတင် တွေ ရှိခဲ့ပြီး စွပ်စွဲ ပြစ်တင် လို့ ရတဲ့အထိ ပြောဆို ခဲ့ကြပါတယ် ။

ဒီတင်ဒါ ခေါ်တာ ကို ပွင့်လင်းမြင်သာမှု မရှိတဲ့ အတွက် ဆိုင်းငံ့ ထားဖို့ မေလ ၂၇ ရက် က ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့ ပြီး နောက်ပိုင်း သက်ဆိုင်ရာ ပြန်ကြားရေး ဌာနက ပြည်ထောင်စု လွှတ်တော် ကို ဇွန်လ ၁၂ ရက် က ပြန်စာ ပေးပို့ ခဲ့ပါတယ် ။

ဒီပြန်စာမှာ ပြည်ထောင်စု လွှတ်တော် ညွှန်ကြား သလို ပြန်ကြားရေး ဌာနက ဆိုင်းငံ့ ထားမယ်လို့ အာမခံ တာ မပါတဲ့ အတွက် ပြည်ထောင်စု လွှတ်တော် က ပြန်ကြားရေး ဝန်ကြီး ကို လွှတ်တော်မှာ လာပြီး ရှင်းလင်း စေခဲ့ ပါတယ် ။

ပြန်စာ ထဲမှာတော့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆန္ဒ ကို အလေးထား တဲ့ အနေနဲ့ နိုင်ငံတော် အတွက် နစ်နာမှု မရှိစေဖို့ စီမံ ဆောင်ရွက် သွားမယ် လို့ ပါရှိပါတယ် ။

ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ လုပ်ဆောင်ချက် ဟာ ပြည်ထောင်စု လွှတ်တော် ရဲ့ ဆုံးဖြတ်ချက်နဲ့ ကွဲလွဲ နေရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ကို စွပ်စွဲ ပြစ်တင်လို့ ရတယ်လို့ လွှတ်တော် ကိုယ်စား လှယ် တွေက ပြည်ထောင်စု လွှတ်တော် မှာ ဆွေးနွေး ခဲ့ပါတယ် ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာ တော့ ပြည်ထောင်စု အစိုးရ သည် ပြည်ထောင်စု လွှတ်တော် က အခါ အားလျော်စွာ ချမှတ်တဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ဆုံးဖြတ်ချက် များကို အကောင် အထည်ဖော် ဆောင်ရွက် ရမည် လို့ ပါရှိ ပါတယ် ။

ဒီလို အပြန်အလှန် ဆွေးနွေးချက် တွေ ကို ပြည်ထောင်စု လွှတ်တော် က မှတ်တမ်းအဖြစ် ထားရှိမယ် လို့ ပြည် ထောင်စု လွှတ်တော် နာယက က ဆုံးဖြတ် ခဲ့ပါတယ် ။

လွှတ်တော် နာယကရဲ့ ဆုံးဖြတ်ချက် ဟာ ရေကူး အသံလွှင့်ရုံ ဟောင်း တင်ဒါ ကိစ္စ နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူ တွေရဲ့ ဆက်လက် လုပ်ဆောင်ချက် ကို စောင့်ကြည့် သွား မယ် ဆို တဲ့ အဓိပ္ပာယ် ပါ ။

ဒီ တင်ဒါ ကိစ္စ ဟာ အစိုးရနဲ့ လွှတ်တော် ကြား နောက်ထပ် ထိပ်တိုက် တွေ့ဆုံမှုတခု ဖြစ်တယ် လို့ လွှတ်တော်အမတ် တွေက ဝေဖန် သုံးသပ် နေကြပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ