ရိုဟင်ဂျာအရေး အာဆီယံမှာ ဆွေးနွေးဖို့ OIC သံတမန်ပြော

  • 18 ဇွန် 2015
Image caption မြန်မာကို အာဆီယံထဲက ထုတ်ဖို့ မလေးရှား ဝန်ကြီးဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် ပြော

မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်က ရိုဟင်ဂျာတွေ အပေါ် မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံဟာ လက်ခံနိုင်စရာ မရှိတဲ့အတွက် မြန်မာနိုင်ငံကို အာဆီယံထဲကနေ ထုတ်ပယ်သင့်တယ်လို့ မကြာသေးခင်က ပြောဆိုခဲ့ချက်ဟာ လက်တွေ့မှာ ဖြစ်လာနိုင်စရာ မရှိဘူးလို့ OIC အစ္စလာမစ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန်က ပြောပါတယ်။

မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့ဝင် ဖြစ်လာအောင် အဓိက ထောက်ခံခဲ့သူ တဦးဖြစ်တဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အရေးယူသင့်တယ်လို့ ပြောခဲ့ပါတယ်။

ဒေါက်တာ မဟာသီယာ မိုဟာမက်ရဲ့ အခုလို ပြောဆိုချက်နဲ့ ပတ်သက်လို့ သူ မလေးရှား ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်က နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူလည်းဖြစ်၊ လက်ရှိ OIC အစ္စလာမစ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန်လည်း ဖြစ်သူ မစ္စတာ ဆာရစ် ဟာမစ် အယ်လ်ဘာကို ဘီဘီစီက ဆက်သွယ်မေးကြည့်ခဲ့ရာမှာ မစ္စတာ အယ်လ်ဘာ က ဒေါက်တာ မဟာသီယာ ဟာ နိုင်ငံ အချင်းချင်း ပြည်တွင်းရေး ဝင်မစွက်ရေးတို့၊ နိုင်ငံအချင်းချင်း ဆက်ဆံရာမှာ တရားမျှတမှု ရှိရေးတို့က အစ နောက်ဆုံး စစ်မဖြစ် အောင်လုံးဝ တားမြစ်နိုင်ရေး ဆိုတာတွေ အထိ အတော် တက်တက်ကြွကြွ တောင်းဆို လုပ်ကိုင်ခဲ့သူ ဖြစ်ကြောင်း၊ သူ့အမြင်တွေဟာ အတော် ပြင်းထန်တယ်လို့ ပြောနိုင်ကြောင်း၊ ဒါပေမယ့်လည်း သူပြောသလို မြန်မာနိုင်ငံကို အာဆီယံကနေ ထုတ်ဖို့ဆိုတာတော့ ဖြစ်မလာနိုင်ကြောင်း ပြောပါတယ်။

ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး သက်သက် မဟုတ်တော့တဲ့အတွက် ဒါကိုတော့ အာဆီယံအဆင့်မှာ ဆွေးနွေးဖို့ သင့်တယ်လို့ မစ္စတာ အယ်လ်ဘာ က ပြောပါတယ်။

ပြဿနာကို အဖြေရှာဖို့ အပြုသဘော ဆောင်တဲ့ ထိတွေ့ ဆက်ဆံ ပြောဆိုမှုတွေ လုပ်ဖို့ လိုကြောင်းနဲ့ လူကုန်ကူးတဲ့ကိစ္စတို့၊ လူတွေ နိုင်ငံထဲက ထွက်ခွာနေတဲ့ ကိစ္စတို့မှာ အဲဒီလို လုပ်ဖို့ လိုတယ် ဆိုတာကို မြန်မာအစိုးရကလည်း သဘောပေါက်ကြောင်း သူက ပြောပါတယ်။

လူမျိုးတုန်းသတ်ဖြတ် တာတို့၊ လူမျိုးပျောက်အောင် လုပ်တာတို့ကို ဘယ်သူမှ မထောက်ခံကြောင်း၊ နိုင်ငံတကာ အဆင့်မှာ ဖြေရှင်းမယ် ဆိုရင် ဥပဒေ စည်းကမ်းတွေ ရှိပြီး ဖြစ်ကြောင်း၊ နောက်တခုကမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို နိုင်ငံတကာရဲ့ အမြင် ဘယ်လို ရှိတယ် ဆိုတာ ရှင်းပြပြီး မြန်မာအစိုးရအနေနဲ့ ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို မေးဖို့ လိုကြောင်း မစ္စတာ အယ်လ်ဘာက ပြောသွားပါတယ်။

လူတွေကို ရွေးချယ် ဖိနှိပ်တာတွေ မလုပ်သင့်ဘူး ဆိုတာမျိုး သူ့အမြင်ကို ဖော်ပြတာကို OIC ရဲ့အထူးကိုယ်စားလှယ် တဦးအနေနဲ့ ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

OIC အစ္စလာမ္မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန် မစ္စတာ ဆာရစ် ဟာမစ် အယ်လ်ဘာဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သာသနာရေး ဒုတိယ ဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။