အမျိုးသမီး သီးသန့် ပါတီ ပေါ်ပေါက်

  • 18 ဇွန် 2015
women_party_mon_logo ဓာတ်ပုံ မူပိုင် moi
Image caption အမျိုးသမီး ပါတီ(မွန်)အမှတ်တံဆိပ်

မြန်မာ နိုင်ငံမှာ အမျိုးသမီး တွေချည်း သီးသန့်ပါဝင်တဲ့ ပါတီတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

အမျိုးသမီး အများစု ပါဝင်နိုင် စေရေးနဲ့ အမျိုးသမီးတွေရဲ့ ကဏ္ဍ မြှင့်တင်နိုင်ရေး ရည်ရွယ်ပြီး ထူထောင် ခဲ့တယ်လို့ အမျိုးသမီးပါတီ(မွန်) က ပြောပါတယ်။

ဒါကြောင့် အခွင့်အရေးတွေ ရနှင့်ပြီးသား အမျိုးသားတွေကို ပါတီမှာ ဝင်ခွင့် မပေးတာဖြစ်ကြောင်း ပါတီ ဥက္ကဌ ဖြစ်သူ ဒေါ်မိသန်းရှင်က ပြောပါတယ်။

ဒါ့အပြင် သူက မီးဖိုချောင်မှာပဲ အချိန်ကုန်နေပြီး ပြင်ပ လောက အကြောင်း ဘာမှ မသိတဲ့ အမျိုးသမီးတွေရဲ့ ဘဝကို အမျိုးသမီးပါတီ(မွန်)က ဦးစားပေး မြှင့်တင် ပေးသွားမယ်၊ ဒီလို လုပ်ဆောင်ဖို့ရာ အစိုးရ အဖွဲ့ထဲမှာ ပါနိုင်မှသာ လုပ်ဆောင်နိုင်မှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

ပညာမတတ်တဲ့ အမျိုးသမီးတွေကို ပညာရအောင် လုပ်ပေးတာ၊ စီးပွားရေး နိမ့်ကျတဲ့ အမျိုးသမီးတွေကို စီးပွားရေး မြင့်လာအောင် နိုင်ငံရေး ပါတီ အနေနဲ့ လုပ်မှဖြစ်လာမှာလို့ ဒေါ်မိသန်းရှင်က ပြောပါတယ်။

အမျိုးသမီးတွေ အဆင့်မီရင် ဝန်ကြီးသာမက သမ္မတ အထိလည်း ဖြစ်နိုင်ပြီး ရွေးကောက်ခံရရင် လွှတ်တော်မှာ ပါနိုင်တာကြောင့် အရည်အချင်း ရှိရင် ရှိသလို အမျိုးသမီးတွေ ထိပ်တန်း ရောက်နိုင်ပါတယ်လို့လည်း သူက ပြောပါတယ်။

အမျိုးသမီးတွရဲ့ လိုအပ်ချက် ခံစားချက်တွေကို အမျိုးသမီးတွေကသာ အသိဆုံး ဖြစ်လို့ အမျိုးသမီးရေးအတွက် အမျိုးသမီးတွေ ကသာ ပိုမို စွမ်းဆောင်နိုင်မယ်လို့လည်း သူက ပြောပါတယ်။

တစ်နိုင်ငံလုံးက အမျိုးသမီးတွေ ပါဝင်နိုင်ခွင့် ရှိစေဖို့ ရည်ရွယ်ခဲ့ပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုခဲ့တဲ့ အတွက်ညှိနှိုင်းခဲ့ပြီးမှ မွန်ပြည်နယ် အခြေစိုက် ပါတီ တစ်ခု အနေနဲ့ ထူထောင်ခွင့် ရခဲ့တယ်လို့လည်း ဒေါ်မိသန်းရှင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ