ဘင်္ဂ​လား​ဒေ့ရှ်​ဘက်​ကို ၃​၇ ဦး ထပ်မံ လွှဲ​ပေး

  • 19 ဇွန် 2015
myanmar_transfer_150_migrants_boat_people_to_bangladesh ဓာတ်ပုံ မူပိုင် EPA
Image caption လူ ၁၅၀ ကို လွှဲပေးစဉ်။

မြန်မာ ပိုင် ရေပိုင်နက် ထဲ က နေ ကယ်တင် ထား ခဲ့ရတဲ့ လှေစီးပြေး ဒုက္ခသည် တွေ ထဲ က ဘင်္ဂလားဒေ့ရှ် နိုင်ငံ သား အဖြစ် စိစစ် တွေ့ ရှိ ရတဲ့ နောက်ထပ် ၃၇ ဦး ကို ဇွန်လ ၁၉ ရက် နေ့ က သက်ဆိုင်ရာ နိုင်ငံ ဘက်ကို ပြန်လည် လွှဲပြောင်း ပေးလိုက် တယ် ဆိုပြီး မြန်မာ အာဏာ ပိုင် တွေ က ပြောပါတယ်။

အဲဒီလို လွဲပြောင်းခဲ့ တဲ့ ၃၇ ဦးဟာ ပြီးခဲ့တဲ့ လ က ရခိုင် ပြည်နယ် မောင်တော မြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ရွာအနီး ပင်လယ်ပြင် မှာ ကယ်တင် ခဲ့ရတဲ့ လူပေါင်း ၂၀၀ ထဲ က ဒုတိယ အသုတ် ကို လွဲပြောင်း ခဲ့တာ ဖြစ်ပါတယ်။

ပထမ အသုတ် အနေ နဲ့ လှေစီး ဒုက္ခသည် ၁၅၀ ကို တော့ ဇွန်လ ၈ ရက်နေ့ ဘင်္ဂလားဒေ့ရှ် ဘက်ကို လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်ပါတယ်။ ကျန်တဲ့ ၁၃ ဦးကို တော့ စိစစ် နေဆဲပါ။

ဖျာပုံ မြို့နယ် ကမ်းလွန် ပြင် ကနေ ကယ်တင် ခဲ့ရ ပြီး မောင်တော မြို့နယ် မြောက်ပိုင်း တောင်ပြို ယာယီ ထိန်းသိမ်းရေး စခန်း ကို ပို့ခံ ထားရ တဲ့ ၇၃၃ ဦး ထဲ ကလည်း ၅၀၀ ကျော် ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တွေ ဖြစ် တယ် လို့ ထွက်ဆို ထား ကြတဲ့ အတွက် သက်ဆိုင်ရာ နိုင်ငံ က ပြန်လည် ခေါ် ယူ ဖို့ စိစစ် နေဆဲ ဖြစ် ပါတယ်။

အခု ရက်ပိုင်း မှာ မြန်မာ နဲ့ ဘင်္ဂလား ဒေ့ရှ် ၂ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့တွေ အကြား အပြန် အလှန် ပစ်ခတ် မှု တွေ ပေါ် ပေါက် လာခဲ့ တဲ့ အတွက် အဲဒီ့ ၃၇ ဦး လွှဲ ပြောင်း ရေး ဟာ အရင် သတ်မှတ် ထား တာ ထက် ၂ ရက် လောက် နောက် ကျပြီး မှ အထ မြောက် လာခဲ့တာ ဖြစ်ပါတယ်။

မောင်တော မြို့နယ် ရေတွင်းကျွန်း ချောင်း၀ နဲ့ ရွက်ညိုတောင် ချောင်းဝ အကြား မြန်မာ ရေပိုင်နက် ထဲ မှာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေး ယူနီဖောင်း အင်္ကျီ ဝတ် ဆင် ထားတဲ့ သူ ၃ ဦးနဲ့ ပစ်ခတ် မှု တွေ ပေါ်ပေါက် ခဲ့ ပြီး အဲဒီ အထဲက ၁ ယောက် ကို လက်နက် တွေနဲ့ အတူ ဖမ်းဆီး ထားမိတယ် လို့ မြန်မာ အစိုးရ က ထုတ်ပြန် ထားပါ တယ်။

ဖမ်းမိ ထားသူ ကို လောလောဆယ် သံတမန် နည်း အရ ပြန်လည် လွှဲပြောင်း ပေးဖို့ မရှိ သေးပဲ မြန်မာ နိုင်ငံ ဘက် ခြမ်း ကို ရာဇဝတ် မှု ကျူးလွန် ဖို့ ဝင်ရောက် လာတာ ဖြစ်ကြောင်း စမ်းစစ် တွေ့ ရှိ ရရင် တော့ မြန်မာ နိုင်ငံ ဥပဒေ အတိုင်း အရေး ယူ သွားမှာ ဖြစ်တယ် လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ နဲ့ စီးပွားရေး ဦးစီးဌာန က ခေတ္တ ညွှန်ကြား ရေးမှူးချုပ် ဦးထင်လင်း က ဘီဘီစီ ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့် တပ် ဝတ်စုံ နဲ့ သူတွေ ဟာ မြန်မာ နိုင်ငံ ဘက်ကို ဝင်လာပြီး ဓားပြ တိုက်တာ လို မျိုး၊ ငါးဖမ်း လှေ တွေ ပိုက် တွေ ကို သိမ်းယူ တာ မျိုး လို ရာဇဝတ် မှု တွေ ပြုလုပ် လေ့ ရှိ တယ် လို့ ဦးထင်လင်း က ပြော ပေမယ့် အခု ကိစ္စ နဲ့ ပတ်သက် ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်ကို တရားဝင် ကန့်ကွက် မှု မလုပ် ဆောင် ရ သေးဘူး လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ