NCCT နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ရန်ကုန်မှာ တွေ့ဆုံမယ်

  • 19 ဇွန် 2015
_lawkheelar_ncct
Image caption လော်ခီးလာ ညီလာခံ

ကေအဲန်ယူနယ်မြေ လော်ခီးလာ ညီလာခံမှာ တိုင်းရင်းသား ခေါင်းဆောင်တွေက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနဲ့ ဆွေးနွေးဖို့ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။

အစိုးရအနေနဲ့ ကတော့ တဖွဲ့ပြီး တဖွဲ့ ဖွဲ့ပြီးဆွေးနွေးတာမျိုးကို သိပ်သဘော မတွေ့နိုင် ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဲန်စီစီတီ ခေါင်းဆောင်းတွေက အစိုးရ ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ရန်ကုန်မှာ အခုလ ၂၂ ရက်နေ့မှာ တွေ့ကြမှာဖြစ်ပါတယ်။

အဆင့်မြင့် အဖွဲ့ ဖွဲ့လိုက်တာနဲ့ ပြင်ဆင်ချင်တဲ့အချက်တွေအပေါ် အစိုးရငြိမ်းချမ်းရေးဖေါ် ဆောင်ရေးအဖွဲ့နဲ့ တွေ့ဆုံ ရှင်းပြမှာကတော့ ဦးနိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်းနဲ့ ဦးထွန်းဇော်တို့ဖြစ် ပါတယ်။

တိုင်းရင်းသားတွေဘက်က အဆင့်မြင့်အဖွဲ့ ဖွဲ့လိုက်တာကိုပဲ အဓိကရှင်းပြဖို့ရှိတယ်လို့ ဦးနိုင်ဟံသာက ပြောပါတယ်။ အခုဖွဲ့လိုက်တဲ့ အဖွဲ့သစ် အပေါ်မှာ အမြင်မရှင်း သလို ဖြစ်နေတဲ့အကြောင်း၊ အရင်က အန်စီစီတီနဲ့ ဆွေးနွေးခဲ့ရာက အခု အဖွဲ့သစ် ဖွဲ့လိုက်လို့ အစက ပြန်စရမလားဆိုတဲ့ သဘောထားမျိုး ရှိနေကြောင်း၊ အဲ့ဒီလို မဟုတ်ဘဲ ထိတ်သီး အစည်းအဝေးတုန်းက ပြင်ဆင်ချက် တချို့လုပ်ပြီး အဲဒီအပေါ်မှာ ဆက်လက် ဆွေးနွေးရမှာ ဖြစ်ပြီး အားလုံး ဆွေးနွေးစရာ မလိုတဲ့အကြောင်း ပြောပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးမူကြမ်းပါ အချက် ၁၅ ချက်နဲ့ ပတ်သက်လို့ အလွတ်သဘော ဆွေးနွေးသွားမှာမျိုး မရှိတဲ့အကြောင်း၊ တိုင်းရင်းသား တွေဘက်က ပြင်ဆင်ချက်တွေကို ပေးထားပြီးသား ဖြစ်ပြီး အဲ့ဒီအပေါ်မှာ အပြန်အလှန် ဆွေးနွေးဖို့လည်း အခု ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း ပြောပါတယ်။

အဖွဲ့သစ်နဲ့ဆွေးနွေးမယ် ဆိုရင်တော့ လာမယ့် ဇူလိုင်လ ပထမပတ်နဲ့ ဒုတိယပတ်လောက်ကို မှန်းထားကြောင်းနဲ့ တခေါက်ထဲနဲ့ ပြီးပြတ်ဖို့တော့ လွယ်မယ်မထင်ကြောင်းပြောပါတယ်။

တိုင်းသားတွေဘက်က အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့မှာ အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး ခေါင်းဆောင်အဖြစ် ကေအဲန်ယူ ဒုတိယဥက္ကဌ နော်စီဖိုးရာစိန်ကို တာဝန်ပေးထားပါတယ်။