NLD ဗဟိုကော်မီတီ အစည်းအဝေး ပြီးဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် အနိုင်ရဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ်မြောက် ဗဟိုကော်မီတီ ပဉ္စမမြောက် အစည်းအဝေး တနင်္ဂနွေနေ့မှာ ကျင်းပ ပြီးစီးသွားခဲ့ရာမှာ ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ကနေ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ရွေးချယ်တာတွေ၊ ပါတီ စည်းရုံးရေးနဲ့ အောင်နိုင်ရေး ကိစ္စတွေကို ဆက်လက် ဆောင်ရွက်သွားမယ့် အကြောင်း သဘောတူခဲ့ကြပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၄လ လောက်ပဲ လိုတော့တဲ့ အချိန်မှာ ဒီဗဟိုကော်မတီ အစည်းအဝေးကနေ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး အရေးကြီးတဲ့ ဆုံးဖြတ်ချက် ထွက်လာမယ်လို့ အများက မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းတော့ ဆုံးဖြတ်ချက် အဖြေ ထွက်မလာခဲ့ပါဘူး။

လာမယ့် ရွေးကောက်ပွဲမှာ NLD ပါတီ ဝင်ပြိုင်မှာလား ဝင်မပြိုင်ဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်နဲ့ သက်ဆိုင်နေတယ်ဆိုပြီး အစည်းအဝေး အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီရွေးကောက်ပွဲမှာ NLD ဝင်ပြိုင်မပြိုင် ဆိုတာကိုတော့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက် အတိအကျကို ရွေးကောက်ပွဲ ကော်မရှင်ဘက်က တရားဝင် ကြေညာပြီးမှသာ NLD ပါတီက ထုတ်ပြန်ကြေညာမယ်လို့ ဆိုပါတယ်။

လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ မကျိန်းသေ သေးတဲ့ အတွက် ဆုံးဖြတ်ချက် မချနိုင်သေးတာလို့ သိရပါတယ်။

ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် အနိုင်ရဖို့ လိုတယ်လို့ အစည်းအဝေး မိန့်ခွန်းမှာ ပြောသွားပါတယ်။