ရက်ပိုင်းအတွင်း အနိမ့်ဆုံးလစာ သတ်မှတ်နိုင်တော့မယ်

  • 22 ဇွန် 2015
Burmese Workers ဓာတ်ပုံ မူပိုင် AP
Image caption ၂၀၁၄ ခုနှစ် အတွင်း အလုပ်သမားဆန္ဒပြမှု အများ အပြား ဖြစ်ခဲ့

မြန်မာနိုင်ငံမှာ အခုလ အတွင်း အနိမ့်ဆုံး လုပ်ခ သတ်မှတ်နိုင်ဖို့ ရှိနေပါတယ်။

ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ်မှာ အစိုးရ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO၊ အလုပ်ရှင် ကိုယ်စားလှယ်တွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ပညာရှင်တွေ ပထမဆုံးအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ပြီး အနိမ့်ဆုံး လစာ သတ်မှတ်နိုင်ရေး အတွက် ဆွေးနွေး နေကြ ပါတယ်။

အဲဒီ ဆွေးနွေးပွဲ ပြီးတဲ့နောက် ရလာတဲ့ အချက် လက်တွေကို အခြေခံပြီး အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ကော်မတီက အနိမ့်ဆုံး လုပ်ခကို အခု ရက်ပိုင် အတွင်းမှာ ဆုံးဖြတ်ပေးဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှု ဖူလုံရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်က ဘီဘီစီကို ပြောပါတယ်။

အလုပ်ရှင် နဲ့အလုပ် သမားတွေကြားမှာ ၂နှစ်အတွင်း အကြိမ်ပေါင်း ၃၀ နီးပါး ဆွေးနွေး ညှိနှိုင်း ခဲ့ပြီးဖြစ်ပါတယ်။

ဇွန်လ ၂၂ ရက် တနင်္လာနေ့နဲ့ ၂၃ ရက် နှစ်ရက်ကြာ ဆွေးနွေးမှု ပထမနေ့မှာ အလုပ်သမား ကိုယ်စားလှယ်တွေ ဘက်က တစ်နိုင်ငံလုံး တပြေးညီ အနိမ့်ဆုံး လုပ်ခငွေ တစ်ရက်ကို ၄၀၀၀ ကျပ် သတ်မှတ်ပေးဖို့ တင်ပြကြ ပေမဲ့ အလုပ်ရှင်တွေ ဘက်က နေရာဒေသ ခွဲပြီး သတ်မှတ်ဖို့နဲ လုပ်ငန်း အမျိုးစားအလိုက် သတ်မှတ်ပေးဖို့ ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရက ဝန်ထမ်းတွေ လစာ တိုးပေးခဲ့ပြီးနောက်မှာ ဆန်၊ ဟင်းသီး ဟင်းရွက်နဲ့ ကြက်သွန်တို့လို အခြေခံ စားကုန် စျေးတွေက လစာမတိုးခင်ကထက် ၂၀ ရာခိုင်နှုန်း တက်သွားတဲ့ အတွက် အနိမ့်ဆုံး လုပ်ခ သတ်မှတ်ပေးမယ် ဆိုရင်လည်း ကုန်စျေးနှုန်းတွေ မတက်အောင် အစိုးရ ဘက်က ထိန်းသိမ်းပေးဖို့ အလုပ်သမား ကိုယ်စားလှယ်တွေ ဘက်က တင်ပြကြပါတယ်။

ဒီလုပ်ခ ပြဿနာ ကြောင့် ပြီးခဲတဲ့ နှစ်အတွင်း မြန်မာနိုင်ငံမှာ အငြင်းပွားမှုတွေ အလုပ်သမား သပိတ်တွေ အများပြား ပေါ်ပေါက်ခဲ့ပြီး အလုပ်သမား တစ်ချို့ ဖမ်းဆီး ထောင်ချ ခံရတာတွေ ရှိခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ ရေဒီယို မိန့်ခွန်းမှာ ဇွန်လအတွင်း အနိမ့်ဆုံး လုပ်ခ သတ်မှတ် နိုင်မယ်လို့ ပြောထား ပါတယ်။