ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သား ဆိုသူကို ပြန်လွှဲပေးမယ်

  • 23 ဇွန် 2015
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဓာတ်ပုံ မူပိုင် bbc
Image caption ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်

ပြီးခဲ့တဲ့ ဇွန်လ ၁၇ရက်နေ့က မြန်မာနယ်နိမိတ်ဘက်ကို ကျွံလာတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဝတ်စုံ ဝတ်ဆင်ထားသူကို စစ်ဆေးပြီး နှစ်နိုင်ငံ အလံတင် အခမ်းအနားဆွေးနွေးပွဲတွေ လုပ်ပြီးတဲ့အခါ ပြန်ပို့မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာနကိုကိုးကားပြီး ပြန်ကြားရေးဌာန ဝန်ကြီး သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

ဘယ်နေ့ဘယ်ရက်မှာ ပြန်ပို့မယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ဆိုပါတယ်။ လှေစီးဒုက္ခသည် ၅၅၄ယောက်ကို ဘင်္ဂလားဒေ့ရှ် ဘက်ကလက်ခံမှ မြန်မာက အခုဖမ်းခံထားရတဲ့ တပ်သားဆိုသူကို ပြန်လွှဲပေးမယ်ဆိုတဲ့ ပြည်ပ မီဒီယာတွေမှာ ရေးနေတာတွေ မဟုတ်ဘူးလို့ ဝန်ကြီးက ပြောပါတယ်။

အခု နယ်ခြားစောင့်တပ်သားနဲ့ လှေစီးဒုက္ခသည်ကိစ္စက သီးခြားစီဖြစ်ပြီး ဒုက္ခသည် ၅၀၀ကျော်ကိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်က စိစစ်ပြီးတဲ့အခါ လွှဲပြောင်း ပေးသွားမယ်လို့ ဝန်ကြီးကဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ခေါ်ယူပြီး မြန်မာဘက်က ဆောင်ရွက်နေတဲ့ ဖြစ်ရပ်အားလုံးကို ရှင်းပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ တပတ်လောက်က မြန်မာဘက်ကို ဝင်ရောက်လာတဲ့ လူတွေထဲက ဒဏ်ရာရသူ တယောက် ပြန်ထွက်ပြေးသွားပြီး ကျန်တယောက်ကို လက်နက်နဲ့တကွ ဖမ်းမိထားတာ ဖြစ်ပါတယ်။