ဖွဲ့စည်းပုံပြင်ဆင်ရေး စစ်တပ် သဘောမတူ

NLD Party MP ဓာတ်ပုံ မူပိုင် AFP
Image caption NLD ပါတီက ပုဒ်မ ၅၉ စ ကို ပြင်ဖို့လည်း တင်ပြခဲ့

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ချင်ရင် ရွေးကောက်ခံ အမတ် သုံးပုံ နှစ်ပုံရဲ့ ထောက်ခံမှုနဲ့ ပြင်နိုင်ဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်မှာ ဆွေးနွေးချိန် မှာပဲ စစ်တပ် ကိုယ်စားလှယ် တွေက အရင်အတိုင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ပြင်ဆင်ဖို့ တင်ပြ ခဲ့ကြပါတယ်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်က အခုလို ဒီမိုကရေစီ စနစ်ကို ကူးပြောင်းစ အချိန်မှာပုဒ်မ ၄၃၆ ( က )နဲ့( ခ )ကို ပြင်ဆင်ဖို့ အချိန်မတန်သေး ဘူးလို့ တင်ပြ ဆွေးနွေးခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပုဒ်မ ၅၉ ( စ ) ကို ပယ်ဖျက် ပေးဖို့ကိုလည်း တင်ပြ ဆွေးနွေးခဲ့ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာ ၇၅ ရာခိုင်နှုန်းကျော် အစား ၇၀ ရာခိုင်နှုန်းနဲ့ အစားထိုးဖို့ ဆွေးနွေး ခဲ့ကြ ပါတယ်။

တကယ်တန်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ဖို့ဆိုတာ တပ်မတော်ရဲ့ ဆန္ဒအပေါ် မူတည်တယ်လို့ ကြံ့ခိုင်ရေးပါတီ အမတ် ဦးတင်မောင်ဦးက ပြောပါတယ်။

အခု အချိန်မှာဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားကို ပြတ်ပြတ်သားသား သိရပြီး ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မျှော်လင့်ချက်တွေ သိပ်ကို နည်းသွားပြီလို့ လွှတ်တော် ကိုယ်စားလှယ် အများစုက သုံးသပ်နေပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပြင်ဆင်တဲ့ ဥပဒေကြမ်း ပုဒ်မ ၄၃၆ ( က ) နဲ့ ပတ်သက်လို့ ဇွန်လ ၂၃ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ စတင်ဆွေးနွေးတာ ဖြစ်ပါတယ်။