ထိုင်းနယ်စပ် ဒုက္ခသည်တွေအတွက် အမေရိကန် ပြန်လည်နေရာချရေးဆက်လုပ်နေ

  • 24 ဇွန် 2015
Image caption မယ်လ စခန်းကို ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး ယာယီ တာဝန်ခံ W Patrick Murphy သွားရောက်ခဲ့စဉ်

ထိုင်း မြန်မာ နယ်စပ်က မြန်မာနိုင်ငံသား ဒုက္ခသည်တွေဟာ မကြာခင် နေရပ်ရင်း ပြန်ပို့ခံရတော့မယ်၊ အမေရိကန် အပါအ၀င်၊ တတိယ နိုင်ငံတွေကို သွားပြီး အခြေချ လို့လည်း မရတော့ဘူး ဆိုတဲ့ သတင်းတွေ ထွက်နေလို့ စိုးရိမ် ပူပန်နေကြချိန်မှာပဲ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ဆိုင်ရာ အမေရိကန် သံအရာရှိက မယ်လစခန်းကို ရောက်လာပြီး ဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက ပြန်လည် နေရာချထားရေး အစီအစဉ် ဖွင့်ထားကြောင်း ပြောခဲ့ပါတယ်။

ထိုင်း မြန်မာ နယ်စပ်တလျှောက်က မြန်မာနိုင်ငံသား ဒုက္ခသည် ပြဿနာ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံအနေနဲ့ လက်ရှိ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အပြင် ပရဟိတအဖွဲ့တွေနဲ့ ဆောင်ရွက်နေပြီး ဒုက္ခသည်တွေ တည်ငြိမ်အေးချမ်းတဲ့ နေရပ်ရင်းကို ပြန်နိုင်ကြဖို့ အတွက် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့နဲ့ ပြဿနာကို အပြီးသတ် ဖြေရှင်းတာ မဟုတ်ပေမယ့် ရွေးချယ်စရာအဖြစ်နဲ့ ဘယ်ကိုမှ သွားစရာမရှိ ဖြစ်နေသူတွေကို အမေရိကန်မှာ ပြန်လည် နေရာချထားပေးဖို့ ကိစ္စရပ် ၃ ခုဟာ အမေရိကန် အစိုးရရဲ့ မူဝါဒ ဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီ တာဝန်ခံ မစ္စတာ W Patrick Murphy က ပြောပါတယ်။

ဒုက္ခသည်တွေရဲ့ ရွေးချယ်စရာ နိုင်ငံအဖြစ် အမေရိကန်မှာ နေရာချထားရေး အစီအစဉ်ကို ဆက်ဆောင်ရွက်နေတုံး ဖြစ်ကြောင်း၊ လိုအပ်တဲ့ အချက်အလက်တွေနဲ့ ပြည့်စုံတဲ့သူတွေ အမေရိကန်ကို သွားလို့ ရနေသေးကြောင်းနဲ့ တခြားသွားစရာ နိုင်ငံ မရှိတဲ့သူတွေအတွက် အမေရိကန်က တံခါးဖွင့်ပေးထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ယာယီ တာဝန်ခံ မစ္စတာ W Patrick Murphy က ဘီဘီစီကို ပြောပါတယ်။

မစ္စတာ W Patrick Murphy ဟာ ထိုင်းအာဏာပိုင်တွေ၊ ဒုက္ခသည်တွေကို အကူအညီ ပေး နေတဲ့ ပရဟိတအဖွဲ့တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံသား ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးကိစ္စတွေကို ညှိုနှိုင်း ပြောဆိုခဲ့ပါတယ်။

ညနေပိုင်းမှာတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) တာ၀န်ရှိသူတွေနဲ့ မဲဆောက် လေဆိပ် စည်းဝေးခန်းမမှာ ဆွေးနွေးခဲ့ပါသေးတယ်။ဘာတွေ ဆွေးနွေးခဲ့သလဲ ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုတာမျိုး မရှိပါဘူး။

ဒုက္ခသည်တွေ စိုးရိမ်နေသလို အချိန်မတန်သေးပဲ နေရပ်ရင်း ပြန်ပို့တာမျိုး၊ ဆန္ဒမပါပဲ နေရပ်ရင်း ပြန်ပို့မှာမျိုးတွေ လုပ်မှာ မဟုတ်တဲ့ အကြောင်း၊ အကယ်၍ အခြေအနေတွေ အားလုံးကောင်းပြီး ဒုက္ခသည်တွေ ပြန်ဖို့ အချိန် တန်ပြီ ဆိုရင်တောင် မိမိဆန္ဒနဲ့ ပြန်တာမျိုးပဲ ဖြစ်ရမှာ ဖြစ်ပြီး ဒါဟာ အမေရိကန် အစိုးရရဲ့ မူဝါဒ ဖြစ်ကြောင်း သူက ပြောပါတယ်။