ဖမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အရာရှိကို မြန်မာ ပြန်လွှဲပေး

  • 25 ဇွန် 2015
Bangladesh Border Guards ဓာတ်ပုံ မူပိုင် bbc
Image caption ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ

မြန်မာ နိုင်ငံဘက်က ဖမ်းဆီး ထားတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB က ဗိုလ်အဆင့်ရှိသူ မစ္စတာ နာယက် ရာဇက်ကို မြန်မာဘက်က ပြန်လည် လွှဲပြောင်းပေးလိုက်ပါတယ်။

သူ့ကို မြန်မာဘက်က ၈ ရက်ကြာ ဖမ်းဆီး ထိန်းသိမ်း ထားခဲ့တာ ဖြစ်ပါတယ်။

အခု ပြန်လည် လွှဲပြောင်း ပေးလိုက်တာကို မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က အတည်ပြု ပါတယ်။

မစ္စတာ နာယက် ရာဇက်ဆီက သိမ်းဆည်းမိခဲ့တဲ့ လက်နက် ခဲယမ်းတွေကိုလည်း မြန်မာ ဘက်က ဘင်္ဂလားဒေ့ရှ်ဘက်ကိုပြန်လည်ပေးအပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့ ဒေဝါ နဒီ ခန်းမမှာ ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်တဲ့ နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် အစည်းအဝေးမှာ ခုလို ပြန်လည် လွဲပြောင်း ပေးခဲ့တာ ဖြစ်ပါတယ်။

အလံတင် အစည်းအဝေးကို ဘင်္ဂလာဒေ့ရှ် နိုင်ငံ တက်ကနက် အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီ တပ်ရင်းမှူး ဦးဆောင်တဲ့ ကိုယ်စားလှယ် ၇ ယောက် အဖွဲ့က တက်ရောက်ခဲ့ပြီး မြန်မာဘက် ကတော့ အမှတ် (၂) နယ်ခြားစောင့် တပ်ဖွဲ့ ရဲမှူးကြီး သီဟန် ဦးဆောင်တဲ့ အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ကတော့ မြန်မာဘက်ကို ကျူးကျော် ဝင်ရောက်လာတဲ့ အတွက် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဖမ်းဆီး မိတယ်လို့ ပြောဆိုပေမဲ့ ဘင်္ဂလာဒေ့ရှ် ဘက်ကတော့ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့တွေ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ကို ကျူးကျော် ဝင်ရောက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ စွပ်စွဲ ပြောဆိုထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်ကို အခု ပြန်လည် လွဲပြောင်း ပေးအပ်လိုက်တဲ့ အတွက် အခြေအနေက တည်ငြိမ် သွားနိုင်ပေမဲ့ နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး ကိစ္စတွေ ကတော့ ဖြေရှင်းစရာ အဓိက ပြသနာတွေ အဖြစ်နဲ့ ကျန်ရှိနေပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ