ဖွဲ့စည်းပုံ ပြင်ရေး အလှမ်းဝေး နေဆဲ

  • 25 ဇွန် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံကို ပြင်ဖို့ လွှတ်တော်ထဲ ဝင်တာလို့ပြောခဲ့

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေ မူကြမ်းကို အတည်ပြုဖို့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ရာမှာ အဆိုပြုချက် တခုကလွဲလို့ ကျန်တဲ့အားလုံးမှာ လိုအပ်တဲ့ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း အထက်မရနိုင်တဲ့ အတွက် ရှုံးနိမ့်သွားခဲ့ပါတယ်။

ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်ရေး ကော်မီတီက တင်ပြခဲ့တဲ့ အဓိကအချက်တွေ ထဲမှာ ဖွဲ့စည်းပုံကို ပြင်ဆင်ချင်ရင် လွှတ်တော်အမတ် ၇၅ ရာနှုန်း အထက် ကထောက်ခံရမယ်ဆိုတဲ့ အချက်ကို ၇၀ ရာနှုန်း အထိလျှော့ချဖို့နဲ့၊ သမ္မတလောင်းတွေကို ရွေးကောက်ခံ ကိုယ်စားလှယ်တွေထဲကဘဲ ရွေးရမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

တခုတည်း ပြင်ဆင်နိုင်ခဲ့တဲ့ ဥပဒေ ပုဒ်မ ၅၉ (ဃ) မှာ သမ္မတ အရည်အချင်း နဲ့ပတ်သက်လို့ "စစ်ရေးအမြင်" ရှိရမယ် ဆိုတဲ့ စကားရပ် အစား "ကာကွယ်ရေးအမြင်" ရှိရမယ်ဆိုတဲ့ စကားရပ်ကို အစားထိုး ခဲ့တာဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေကိုအာဏာ ခွဲဝေမယ့် ဥပဒေပြုပြင်ရေး အပိုင်းကိုတော့ ဇွန်လကုန်၊ ဇူလိုင်လဆန်းမှာ ဆက်လက် မဲခွဲမှာဖြစ်ပါတယ်။

အခုလို မဲရလဒ်နဲ့ပတ်သက်ပြီး အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်က ဒါဟာ ပြုပြင်ပြောင်းလဲ ရေးကို မလိုလားဘူး ဆိုတာ ပြသလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူး ဆိုတာကို ဒီတခုတည်း အပေါ်မှာ မူတည်ဆုံးဖြတ်မှာ မဟုတ်ဘူး လို့လည်း သူက ဆိုပါတယ်။

အန်အယ်ဒီ နဲ့ အဓိက မဟာမိတ် အဖြစ် ရပ်တည် ခဲ့တဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေအနေကို သိလျက်နဲ့ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ခဲ့တာလို့ ဆိုပါတယ်။

အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ဆုံးဖြတ်မလဲဆိုတာ စောင့်ကြည့်ယုံသာ ရှိပြီး အန်အယ်ဒီပါတီမှာ သူ့နေရာကို ဝင်ယူမယ့် ခေါင်းဆောင် မရှိသေးဘူး လို့လည်း ဦးခွန်ထွန်းဦး ကပြောပါတယ်။