မဲဆွယ်စည်းရုံးရေး ပြင်ဆင်တဲ့ ဥပဒေမူကြမ်း အတည်ဖြစ်

  • 26 ဇွန် 2015
parliament ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့

ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးရေး နဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ နဲ့ မကိုက်ညီ ဘူးလို့ ဝေဖန်ချက်တွေ ရှိနေတဲ့ ဥပဒေ တွေကို ပြင်ဆင်ဖို့ ပြည်သူ့လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ကြရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ကန့်ကွက် ပေမယ့်လည်း အများစု ဆန္ဒအရ ပြင်ဆင်တဲ့ ဥပဒေမူကြမ်း က အတည်ဖြစ်သွားပါတယ်။

အခု ပြည်သူ့လွှတ်တော် ကအတည်ပြုလိုက်တဲ့ ဥပဒေ အရ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ ၊ ပြည်ထောင်စု ဝန်ကြီး၊ ဒုဝန်ကြီး နဲ့ ပြည်ထောင်စု အဆင့် တာဝန်ရှိသူတွေ ဟာ ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးလုပ်ငန်းတွေ လုပ်လို့ရတယ်လို့ ပြင်ဆင်လိုက်ပါတယ်။

အရင်တုန်းကတော့ အဆိုပါ ပုဂ္ဂိုလ်တွေဟာ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းတွေ လုပ်လို့ရတယ်လို့ ဥပဒေ အဟောင်းမှာ ဖော်ပြထားပြီး ဒါဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးဆိုကာ ထောက်ပြထားတာပါ။

ဒီ အခု ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေဟာ အဆိုပါပုဂ္ဂိုလ်တွေ သက်ဆိုင်ရာ နိုင်ငံရေးပါတီ တွေရဲ့ မဲဆွယ် စည်းရုံးရေး လုပ်ငန်းတွေ လုပ်လို့မရအောင် တားမြစ်လိုက်တဲ့ သဘောလို့လည်း သုံးသပ်တာတွေ ထွက်ပေါ်နေပါတယ်။