ဖြူးမြို့နယ်ထဲ လယ်သမားရာချီပြီး ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

paddy_field
Image caption စိုက်ပျိုး ပြီး သီးနှံ တွေ အဖျက် ခံရ၊ လယ်တဲ တွေ မီးရှို့ခံ ရတာ တွေ ကြောင့် လယ် သမား ၁၀၀ ကျော် ထွန်တုံး တိုက်ပွဲ ဝင်။

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ထဲ မှာ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု က အာဏာပိုင် တွေ ဆီ က နေ လက်လွှဲ ရယူထား တဲ့ လယ်မြေ တွေ နေရာ မှာ ဒေသခံ လယ်သမား တွေ ဟာ ထွန်တုံး တိုက်ပွဲ ဆင်နွှဲ ပြီး ဝင်ရောက် စိုက်ပျိုး နေ ကြ ပါတယ်။

၁၉၈၀ ပြည့်ကျော် နှစ် တွေ ကတည်း က လယ်သမား တွေ ကိုယ်တိုင် အဲဒီ့ မြေနေရာ တွေ မှာ ခုတ်ထွင် ရှင်းလင်း ပြီး စိုက်ပျိုး မြေ တွေ အဖြစ် ဖော်ဆောင် ခဲ့တဲ့ ဓားမဦးချ မြေ တွေ ဖြစ် တယ် လို့ လယ်သမား အရေး ကူညီ သူ ကိုမြင့်စိုး က ဘီဘီစီ ကို ပြောပါတယ်။

မြတ်ဣန္ဒြေ အမည်ရှိ တဲ့ ကုမ္ပဏီ ဟာ ဧက ၅၀၀ ကို အစိုးရ ဆီ က ရယူ ကာ တချို့ နေရာ တွေ ကို စက်ရုံ ဆောက် ဖို့ လုပ်ဆောင် နေပြီး မြေ တချို့ ကို ရောင်းစား တာမျိုး၊ တချို့ ကို လယ်မြေ တွေ အဖြစ် ပဲ ပြန်လည် သီးစား ချ ငှားတာ မျိုး တွေ လုပ် ဆောင် နေတယ် လို့ ကိုမြင့်စိုး က ဆိုပါတယ်။

စိုက်ပျိုး ပြီး သီးနှံ တွေ အဖျက် ခံရပြီး လယ်တဲ တွေ မီးရှို့ခံ ခဲ့ ရတာ ကြောင့် လယ် သမား ၁၀၀ ကျော် ဟာ အခု လို ကိုယ့် လယ် မြေ ကိုယ် ပြန်ရရေး ထွန်တုံး တိုက်ပွဲ ဝင် နေတာ ဖြစ်တယ် လို့လည်း ကိုမြင့်စိုး က ပြောပါတယ်။

ဒီလို ထွန်တုံး တိုက်ပွဲ လုပ်နေချိန် မှာပဲ ရဲ နဲ့ ကုမ္ပဏီ ဘက် က သူ တွေ လာရောက် ဟန့်တား ခဲ့တာ တွေ ရှိခဲ့ ပြီး လယ်သမား တွေ က ဥပဒေ ကြောင်း အရ ဖြေရှင်း သွားမယ့် အကြောင်း တုန့်ပြန် ခဲ့တယ် လို့ ကိုမြင့်စိုး က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ