ရခိုင်ဒေသ ရေကြီးမှု နောက်ဆုံးအခြေအနေ

  • 28 ဇွန် 2015
Image caption ရခိုင်ပြည်နယ်အတွင်း ဆယ်စုနှစ် တခုအတွင်း အဆိုးဝါးဆုံး ရေကြီး ရေလျှံမှု ဖြစ်ခဲ့

ရခိုင်ပြည်နယ်အတွင်း ဆယ်စုနှစ် တစ်ခု အတွင်း အဆိုးဝါးဆုံး ရေကြီးမှု ဖြစ်ပွားခဲ့ရာမှာ လူထောင်နဲ့ ချီ ထိခိုက်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လိုနေသေး တယ်လို့ သိရပါတယ်။

ရေကြီးရေလျှံမှု ဖြစ်ခဲ့အပြီး သုံးရက်ကြာ အခုအခါမှာတော့ ရေတွေ ပြန်ကျသွားခဲ့ပြီ ဖြစ်ပါတယ်။

ရေကြီးမှုတွေ ဖြစ်ခဲ့စဉ်အတွင်း ရေတွေဟာ အမြင့်ဆုံး ၅ ပေကနေ ၁၀ပေထိ မြင့်တက်ခဲ့ပြီး အိမ်တွေ၊ အဆောက်အဦ တွေရဲ့ ခေါင်မိုး အစပ်ထိ ဖုံးလွှမ်းသွားခဲ့ပါတယ်။

အဓိက အကြီးအကျယ် ထိခိုက်ခဲ့တဲ့ မြို့နယ်တွေကတော့ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီတောင် တို့ ဖြစ်ကြပါတယ်။

ရေကြီးရေလျှံမှုတွေ အတွင်း တောင်ကုတ်မြို့မှာ သေဆုံးသူ နှစ်ဦးရှိပြီး ပျောက်ဆုံးသူ နှစ်ဦးရှိတယ်လို့ ပြောပါတယ်။

ရေတွေ ကျသွားပေမယ့် ထိခိုက်ခဲ့တဲ့ လူတွေ အတွက် အကူအညီတွေ အများကြီးလိုအပ်နေတယ်လို့ တောင်ကုတ် ဒေသခံ ကိုဇေယျာကျော်က ဘီဘီစီကို ပြောပါတယ်။

အမ်းမြို့မှာလည်း မြို့တစ်ခုလုံးကို ရေတွေ ဖုံးလွှမ်းသွားခဲ့ပြီး လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

အမ်းအခြေစိုက် အမှတ် ၃၇၄ အမြောက်တပ်က တပ်ကြပ်ကြီး တစ်ဦး သေဆုံးခဲ့ကြောင်း အမ်းမြို့ ရဲစခန်းက အတည်ပြုခဲ့ပေမယ့် ကျန်တဲ့ သူတွေကိုတော့ အတည် မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

အခုအခါ ရေတွေ ပြန်ကျသွားပေမယ့် ရေလွှမ်းမိုး ခံခဲ့ရတဲ့ နေရာတွေက ဒေသခံပြည်သူ တွေအတွက် အစားအစာ၊ သောက်သုံးရေ၊ ဓာတ်ဆားတွေနဲ့ အဝတ်အထည်တွေ လောလောဆယ် အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ် ။

သံတွဲမြို့နယ် ဒါဝ ကျေးရွာမှာတော့ မိုးသည်းထန်ပြီး လေပြင်း တိုက်ခိုက်တဲ့ အတွက် အိမ်ခြေ ၉၀ ခန့်ရှိတဲ့ နေရာမှာ အိမ်ပေါင်း ၂၀ ကျော် လုံးဝ ပြိုလဲသွားပြီး ကျန်တဲ့ အိမ်တွေလည်း ခေါင်မိုးပွင့်ထွက်တာ၊ ဘေးထရံ ကွာကျ တာတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီမှာ လူပေါင်း ၃၀ဝ ခန့်လည်း နေစရာ မရှိ ဖြစ်သွားခဲ့ရပြီး အခုအခါ သူတို့ကို အကူအညီပေးနိုင်ရေးအတွက် ရှေ့ပြေး ကယ်ဆယ်ရေး အဖွဲ့တွေကို စေလွှတ်လိုက်ပြီလို့ သံတွဲ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဟန်က ပြောပါတယ်။