မြန်မာ့ စီးပွားရေး ကျနိုင်လို့ IMF သုံးသပ်

  • 1 ဇူလိုင် 2015
Burma Economy ဓာတ်ပုံ မူပိုင် Reuters
Image caption ရင်းနှီး မြှုပ်နှံမှုတွေ မရှိရင် စီးပွားရေး မတိုးတက် နိုင်ဘူးလို့ဆို

လက်ရှိ မြန်မာ နိုင်ငံရဲ့ စီးပွားရေး ကျဆင်း နိုင်တဲ့ အန္တရာယ်မျိုး ရှိနေတယ်လို့ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ကပြောဆိုလိုက် ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကနေ ဇူလိုင် ၁ရက် နေ့အထိ IMF ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံ ကို လာရောက် လေ့လာမှု အရ တွေ့ရှိချက် တွေကို ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန် မြို့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှု၊ ကျပ်ငွေ တန်ဖိုး ကျဆင်းလာမှုတွေ အပါဝင် ပြည်တွင်းမှာ ရင်းနှီးမြုပ်နှံမှု နည်းလာတဲ့ အခြေနေတွေ အပေါ် တွေ့မြင်ချက် တွေကို သုံးသပ်တင်ပြထား ပါတယ်။

လာမယ့် ရွေးကောက်ပွဲလွန် ကာလမှာ ဖြစ်လာနိုင်တဲ့ အခြေ အနေတွေကို စောင့်ကြည့်လိုကြတဲ့ အတွက် ၂၀၁၅ ခုနှစ် အတွင်း မြန်မာ နိုင်ငံမှာ ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေ တန့်သွား ခဲ့တယ်လို့ ပြည်တွင်းက စီးပွားရေး ပညာရှင် ဦးလှမောင်လည်း သုံးသပ် ပြောပါတယ်။

ဒါ့အပြင် ကန့်သတ်ချက်တွေ များနေတဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ဥပဒေကို အချိန်မီ မပြင်တာကြောင့်လည်း ပါတယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံမှာက စီးပွားရေး ကျဆင်းစေနိုင်တဲ့ လမ်းကြောင်းတွေ အများကြီး ရှိနေတယ်လို့လည်း ဦးလှမောင်က ပြောပါတယ်။

လောလောဆယ် ဘတ်ဂျက် လိုငွေပြနေတာ၊ ပြည်ပပို့ကုန် ဝင်ငွေနည်းပါးတာ၊ ငွေကြေး ဖောင်းပွတာနဲ့ ကုန်စျေးနှုန်း တက်တာတွေ ဖြစ်နေတာဟာလည်း စီးပွားရေး ကျဆင်း စေနိုင်တဲ့ အခြေအနေတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ