အစိုးရတပ်နဲ့ DKBA တိုက်ပွဲဖြစ်

  • 2 ဇူလိုင် 2015
DKBA near Kawkareik ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ကော့ကရိတ် အနီးက DKBA တပ်ဖွဲ့တွေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ကနေ မြဝတီဖက် အထွက်မှာ ဇူလိုင် ၂ ရက် မနက်က အစိုးရ စစ်တပ်နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် DKBA တို့ တိုက်ပွဲ ဖြစ်ခဲ့တဲ့ အတွက် ခရီးသည်နဲ့ ကုန်ကားတွေ အသွားအလာ ရပ်ဆိုင်းနေ ပါတယ်။

မနက် ၅ နာရီကျော်လောက်က ကော့ကရိတ်မြို့ အထွက် မြဝတီဖက် သွားတဲ့ အဝေးပြေး လမ်းမ ပေါ်မှာ ရှိတဲ့ ရွာသစ်ကုန်းက အစိုးရ စစ်တပ် တပ်ရင်း ၂၃၁ နဲ့ အဲဒီနေရာနဲ့ မနီးမဝေး တတိုင်ကူးမှာ တပ်ချထားတဲ့ ဒီကေဘီအေ အဖွဲ့ ဗိုလ်နားမကြားရဲ့ တပ်တွေကြားမှာ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ကိုက် ၂ ရာကျော်လောက် အဝေးကနေ နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး အစိုးရ တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ DKBA စစ်သားတစ်ယောက်က ပြောပါတယ်။

DKBA ဖက်က ၂ ယောက် ထိသွားတယ်လို့လည်း အဲဒီ စစ်သားက ပြောပါတယ်။

အစိုးရ စစ်တပ်ဖက် ကတော့ ဗိုလ်တစ်ယောက် သေဆုံးပြီး နှစ် ယောက် ဒါဏ်ရာရ တယ်လို့ အစိုးရ စစ်တပ်နဲ့ နီးစပ်တဲ့ ကုန်သည် အသိုင်းအဝိုင်းက ပြောပါတယ်။

အစိုးရ စစ်တပ်က အကြီးတန်း အရာရှိတစ်ယောက် မကြာခင် ဒီလမ်းကြောင်းကနေ မြဝတီကို သွားမှာမို့ လုံခြုံရေး ယူဖို့ ဗုဒ္ဓဟူးနေ ညနေ ကတည်းက အစိုးရ တပ်ရင်း ၂၃၀ နဲ့ ၂၃၁ တို့က ကော့ကရိတ်မြို့ အထွက်ကို ရောက်နေကြတယ်လို့ နယ်စပ်ကို ရောက်နေတဲ့ ခရီးသည်တွေကပြောပါတယ်။

ဒါပေမဲ့ DKBA ဖက်ကတော့ အစိုးရစစ်တပ်မှာ ဒီ့ထက်ပိုတဲ့ ရည်ရွယ်ချက်ရှိနိုင်တယ်လို့ ယူဆနေကြပါတယ်။

ငြိမ်းချမ်းရေး ကာလမှာ ဒီလို သေနတ်သံတွေ ကြားရတာ လူထုအတွက် စိတ်မကောင်းကြောင်းနဲ့ DKBA တပ်ဖွဲ့ဟာသူ တခြား အဖွဲ့ တွေထက် စာရင်လက်မှတ်တွေ အများကြီး ထိုးထားတဲ့ DKBA အဖွဲ့ကို သူတို့ လှုပ်ရှားမှု မရှိပဲနဲ့လာပစ်ခတ်တာဟာ အင်အားကြီးတဲ့သူက အင်အားငယ်တဲ့သူကို အနိုင်ကျင့်သလို ခံစားရတယ်လို့ DKBA ကလို့ထူးဘော ဗျူဟာမှူး ခွန်ဆန်းအောင်က ပြောပါတယ်။

အခုညနေပိုင်းအထိ နှစ်ဖက်တပ်တွေ နေရာယူနေကြဆဲ ဖြစ်တာကြောင့် နောက်ထပ် တိုက်ပွဲတွေ ဖြစ်နိုင် သေးတယ်လို့ ဒေသခံတွေက ယူဆနေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ