ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို လိုက်ဖမ်းနေ

  • 2 ဇူလိုင် 2015
student_protest_yangon ဓာတ်ပုံ မူပိုင် bbc
Image caption အခြေခံဥပဒေပြင်ဆင်ရေးကို တောင်းဆို

ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့အပါအဝင် ဖမ်းဆီးခံ ကျောင်းသားတွေ လွတ်မြောက်ရေး တောင်းဆိုမှုတွေ လုပ်ခဲ့တဲ့ မန္တလေးနဲ့ ရန်ကုန်က ကျောင်းသားတွေကို ခုရက်ပိုင်း ဖမ်းဆီးနေပါတယ်။ ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်သိမ်ကြီးဈေး ရှေ့ကနေ မြို့တော်ခမ်းမရှေ့ထိ ပုဒ်မ ၄၃၆ ပြင်ဆင်ပေး လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေ ထွက်သွား စတဲ့ တောင်းဆိုချက်တွေ ဆန္ဒပြ တောင်းဆိုခဲ့တဲ့ တက္ကသိုလ်သမဂ္ဂက ကျောင်းသား ခေါင်းဆောင်တွေထဲက ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ ကိုပိုင်ရဲသူကို ဇူလိုင်လ ၂ ရက်နေ့ ညနေ၃နာရီလောက်က မြောက်ဥက္ကလာ နေအိမ်ကနေ ဖမ်းသွားတယ်လို့ ကျောင်းသားအသိုင်းအဝိုင်းက ပြောပါတယ်။

ဇွန် ၃၀ ရက်က ဆန္ဒပြလို့ဆိုပြီး ကိုပိုင်ရဲသူ၊ ကိုဇေယျာလွင်နဲ့ တခြား ကျောင်းသားခေါင်းဆောင် ငါးယောက်ကိုလည်း ကျောက်တံတားရဲစခန်းက တရားစွဲဆိုထားပါတယ်။

မန္တလေးမှာတော့ ဇွန်လ ၂၆ ရက်နေ့က ရတနာပုံတက္ကသိုလ် ရှေ့မှာ သဘောၤဆေး မှုတ်ဆေးတွေနဲ့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ လွှတ်ပေးဖို့၊ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ စတဲ့အချက်တွေကို ရေးသားခဲ့တဲ့ ကျောင်းသားတွေထဲက လေးယောက်ကို ဇူလိုင်လ ၁ရက် ဗုဒ္ဓဟူးနေ့က ဖမ်းပြီး အမရပူရတရားရုံးမှာ ရမန်ယူပြီးတော့ အိုးဘိုထောင်ကို ချက်ချင်း ပို့လိုက်ပါတယ်။

ဖမ်းခံရသူ လေးယောက်ကတော့ ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂက ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဉာဏ်လှိုင်ထက်တို့ ဖြစ်ပါတယ်။ သူတို့ လေးယောက် ကိုတော့ ဇူလိုင် ၁၅ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။

မန္တလေးတိုင်းရဲတပ်ဖွဲ့ဆီကို အောက်ခြေရဲတပ်ဖွဲ့က အစီရင်ခံတဲ့ စာမှာတော့ ကိုနိုင်ရဲဝေ အပါအဝင် ကျောင်းသား ခုနှစ်ယောက်လောက်က မှုတ်ဆေးတွေနဲ့ တောင်းဆိုမှုတွေ လုပ်ခဲ့လို့ လေးယောက်ကို ဖမ်းပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဆူပူအောင် သွေးထိုးလှုံ့ဆော်မှု၊ လူစုလူဝေးမှု၊ ပြစ်မှုကျူးလွန်တဲ့နေရာမှာ ရှိနေမှု စတဲ့ ပုဒ်မ လေးခု နဲ့ အရေးယူထားကြောင်း ဖေါ်ပြထားပါတယ်။

ကျန်တဲ့ ကျောင်းသားတွေကတော့ တိမ်းရှောင် နေရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။