သမ္မတ ဦးသိန်းစိန် ဒုတိယသက်တမ်း တာဝန် ဆက်ယူ မှာလား

  • 3 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် president office
Image caption ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှာ ဦးသိန်းစိန် နဲ့ အားပြိုင်သူ တွေရှိနေတယ် လို့ဆို

ပြည်သူတွေ ကဆန္ဒရှိမယ် ဆိုရင် သမ္မတသက်တမ်း နောက်တကြိမ် ထမ်းဆောင်ဖို့ အလေးအနက် စဉ်းစားမယ်လို့ သမ္မတဦးသိန်းစိန်က NHK ဂျပန် သတင်းဌာနနဲ့ တွေ့ဆုံး မေးမြန်းစဉ်မှာ ပြောခဲ့ ပါတယ်။

ဒါဟာ သူ့အနေနဲ့ သမ္မတ သက်တမ်းကို ဒုတိယ အကြိမ် တာဝန်ယူဖို့ ကြိုးစားမယ် ဆိုတာ ထပ်ပြီး ခိုင်ခိုင်မာမာ ပြောဆိုလိုက်တာ အဖြစ်ရှုမြင် ရပါတယ်။

တချိန်တည်းမှာပဲ ရွေးကောက်ပွဲ လုပ်ဖို့ ၄ လ လောက်ပဲ လိုတော့တဲ့ အချိန်မှာ အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အတွင်း တင်းမာမှုတွေ ပိုများလာတဲ့ လက္ခဏာတွေ လည်း တွေ့နေရပါတယ်။

သမ္မတရုံး ဝန်ကြီး တွေဖြစ် ကြတဲ့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ သူတို့ရဲ့ မဲဆန္ဒနယ်တွေက လက်မခံတဲ့ အတွက် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် အရွေးခံလို့ မရတော့ ဘူးလို့ ပါတီဗဟို ကော်မတီဝင် တဦးဖြစ်တဲ့ ဦးအောင်သိန်းလင်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီ သမ္မတရုံး ဝန်ကြီးတွေကို ဒေသခံ လူထုက လက်မခံလို့ ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြု တော့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက ဝန်ကြီးဦးစိုးသိန်းက တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်က ဝင်ပြိုင်ခဲ့ပြီး ဝန်ကြီး ဦးအောင်မင်း ကတော့ ပဲခူးတိုင်း တောင်ငူမြို့နယ်က ဝင်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ရာထူး အတွက် ရည်မှန်းသူ နောက်တစ်ဦး ကတော့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ သူရ ဦးရွှေမန်း ဖြစ်ပါတယ်။

အခုအချိန်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကြား အဆင်မပြေတာ ကြာခဲ့ပြီလို့ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးအောင်ဇော်က ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အတွင်းမှာ အာဏာလွန်ဆွဲမှု တွေ ရှိနေတဲ့ အတွက် ရွေးကောက်ပွဲ ပြီးမှ သမ္မတလောင်း ဘယ်သူဆိုတာ ရွေးချယ်တာ ဖြစ်နိုင်သလို၊ ရွေးကောက်ပွဲ နောက်ကို ဆုတ်သွားတာ မျိုးလည်း ဖြစ်နိုင်တယ် လို့သူက ပြောပါတယ်။

တကယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက သမ္မတ ဦးသိန်းစိန်ကို မထောက်ခံဘူးဆိုရင် သူ့အနေနဲ့ အခြား အဖွဲ့အစည်းတွေနဲ့ မဟာမိတ် ဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်တာမျိုး လည်း ဖြစ်နိုင်တယ်လို့ ဦးအောင်ဇော်က သုံးသပ် ပါတယ်။