ထားဝယ် စက်မှုဇုန်မှာ ဂျပန်က ငွေကြေးနဲ့ နည်းပညာ မြှုပ်နှံမယ်

  • 6 ဇူလိုင် 2015
Dawei Project ဓာတ်ပုံ မူပိုင် Reuters
Image caption ထားဝယ် စီးပွားရေးဇုန် စီမံကိန်းကို ၃ နိုင်ငံ ပူးပေါင်း စီမံခန့်ခွဲမယ်

ထားဝယ် စက်မှုဇုန် စီမံကိန်းမှာ ဂျပန်နိုင်ငံ ပါဝင်ဖို့ လက်မှတ်ရေးထိုး လိုက်ပါတယ်။

အခုလို ကတိပြု လက်မှတ်ရေးလိုက် တဲ့အတွက် ထားဝယ် စက်မှုဇုန် စီမံကိန်းဟာ မြန်မာ၊ ထိုင်းနဲ့ ဂျပန် သုံးနိုင်ငံက စီမံခန့်ခွဲတဲ့ လုပ်ငန်း ဖြစ်သွားမှာပါ။

ဒီစီမံကိန်းမှာ အစိုးရ တွေက အစုရှယ်ယာငွေ ထည့်ဝင်ကြမှာမဟုတ်ဘဲ တစ်နိုင်ငံချင်းက ပြည်သူတွေ ထဲက လုပ်ကိုင် လိုသူတွေကို ခွဲတမ်း အရ ပါဝင်ခွင့် ပေးမှာဖြစ်ပါတယ်။

အစုရှယ်ယာ အသေးစိတ်ကို မညှိနှိုင်းရသေး ပေမဲ့ အကြမ်း အားဖြင့် ထိုင်းက ၃၀ ရာခိုင်နှုန်း ဂျပန်က ၃၀ ရာခိုင်နှုန်းနဲ့ မြန်မာက ၄၀ ရာခိုင်နှုန်း ဖြစ်တယ်လို့ စီမံကိန်းနဲ့ ပတ်သက်သူ တစ်ယောက်က ပြောပါတယ်။

အစိုးရတွေ ကိုယ်တိုင်လည်း ရင်းနှီးမြှုပ်နှံနိုင် သလို ကိုယ်ပြည်တွင်းက လုပ်ငန်းရှင်တွေကို ခေါ်ယူပြီး ရင်းနှီးခိုင်းတာမျိုး လုပ်နိုင်တဲ့ အပြင် တခြား နိုင်ငံတွေက လာရောက် ရှင်းနှီးမြှုပ်နှံမယ့် သူတွေကိုလည်း ဖိတ်ခေါ်သွားမယ်လို့ ဆိုပါတယ်။

စီမံကိန်း အကောင် အထည်ဖေါ်တဲ့ နေရာမှာ စီမံခန့်ခွဲ ဖို့အတွက် ထိုင်းနဲ့ မြန်မာ အစိုးရတို့ ပူးပေါင်းပြီး ထားဝယ် စီးပွားရေးဇုန် ဖွံ့ဖြိုးရေး ကုမ္ပဏီ တည်ထောင်ထား ပါတယ်။

ဂျပန်နိုင်ငံ ပါဝင်လာတဲ့ အတွက် ငွေကြေးစိုက်ထုတ်နိုင်မယ်၊ နည်းပညာလည်း ပါလာမယ်လို့ ထားဝယ် စီးပွားဇုန် ဖွံ့ဖြိုးရေး ကုမ္ပဏီရဲ့ မြန်မာနိုင်ငံ ဘက်က ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံနဲ့ အတူ သူ့နောက်က ရင်နှီးမြှုပ်နှံသူတွေလည်း ပါလာမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

အခုစီမံကိန်းကို သုံးနိုင်ငံ ပူးပေါင်း စီမံခန့်ခွဲသွားမှာ ဖြစ်ပြီး ဘယ်နိုင်ငံက ဘာတာဝန်လုပ်ရမယ်ဆိုတာ သီးခြား သတ်မှတ် မထားဘူးလို့လည်း ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

ရေနက်ဆိပ်ကမ်း၊ ကားလမ်း၊ ရထားလမ်း ၊ ရေ နဲ့လျှပ်စစ်မီး၊ မြို့သစ် စတဲ့ အခြေခံ အဆောက်အအုံ တွေအတွက် အမေရိကန်ဒေါ် သန်း ၈ ထောင်လောက် ကုန်ကျမယ်လို့ခန့်မှန်းထား ပါတယ်။

စက်မှုဇုန်အတွင်း စက်ရုံအလုပ်ရုံတွေပါ ပါဝင်လာမယ်ဆိုရင် ဒေါ်လာ သန်းပေါင်း ၁ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ