ဒဂုံ စီးတီး အိမ်ရာ စီမံကိန်း ဖျက်သိမ်း

shwedagon
Image caption အိမ်ရာ စီမံကိန်းကို မဘသ အဖွဲ့က ကန့်ကွက်ခဲ့

ရွှေတိဂုံ စေတီ အနီး ဒဂုံ စီးတီးဝမ်း အိမ်ရာ စီမံကိန်းကို ဖျက်သိမ်း လိုက်ပြီ ဖြစ်ကြောင်း အစိုးရက ဇူလိုင်လ ၇ ရက်နေ့မှာ တရားဝင် ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ရွှေတိဂုံ စေတီတော် ထိခိုက်မှာကို ရဟန်းရှင်လူ ပြည်သူ တွေက စိုးရိမ်တာရယ်၊ ဗိသုကာ ပညာရှင်တွေ ကနေ ဒီစီမံကိန်း လုပ်ရင် ရွှေတိဂုံကို ထိခိုက်နိုင်တယ် ဆိုတဲ့ အကြံပြုချက်တွေ၊ နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဌာန တို့ကလည်း ဒီစီမံကိန်း ရပ်ဆိုင်းပေးဖို့ တောင်းဆို လာတာကြောင့် အခုလို ဖျက်သိမ်းပေး လိုက်တာ လို့ သမ္မတရုံး ညွှန်ကြားရေး မှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

စီမံကိန်း မဖျက်သိမ်းရင် နိုင်ငံ တဝန်း ဆန္ဒပြမယ် စတဲ့ ဖိအားပေး မှုတွေကြောင့် မဟုတ်ဘဲ နဂို ကတည်းက ဒီကိစ္စကို ပြန်လည် သုံးသပ်နေတာ ဖြစ်ပြီး တင်ဒါအောင်ထားတဲ့ ကုမ္ပဏီ တွေနဲ့ ပြန်လည် ညှိနှိုင်းနေတာ ကြောင့် အခုလို အချိန် ကြံ့ကြာ သွားခဲ့တာလို့ ပြောပါတယ်။

တင်ဒါခေါ်ယူတုန်း ကတော့ အခုလို ဗိသုကာ ပိုင်း အရ စစ်ဆေး သုံးသပ် မှုတွေ မလုပ်နိုင်ခဲ့ ဘူးလို့ ဦးဇော်ဌေးက ဝန်ခံ ပြောဆိုပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ရဲ့ ဥပဒေ တိုင်းသား လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဟိုးအရင် ရှိပြီးသား ရွှေတိဂုံ စေတီ ဂေါပက ဥပဒေ အရ အခု အခြေအနေတွေနဲ့ အကျုံးမဝင်တဲ့ အတွက်လည်း ဆောင်ရွက်ဖို့ ခွင့်ပြုခဲ့တာ လို့လည်း သူကပြောပါတယ်။

အခု အပြီးသတ် ရပ်စဲ လိုက်တာ ဖြစ်တဲ့ အတွက် တင်ဒါအောင်ထားတဲ့ ကုမ္ပဏီတွေ နစ်နာမှု အတွက် ညှိနှိုင်း ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အခု ရွှေတိဂုံ စေတီကို ထိခိုက်နိုင်တယ် ဆိုတဲ့ မြေကြော သက်ရောက်မှုဟာ သင်ခန်းစာ ဖြစ်တဲ့ အတွက် နောက်နောင် အခုလို စီမံကိန်းတွေ ချမှတ်ရင် ဒါတွေကို ထည့်သွင်း စဉ်းစား သွားမှာ ဖြစ်တယ်လို့ ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ