ရွေးကောက်ပွဲ လွတ်လပ် မျှတဖို့ ဘာလိုအပ်သလဲ

  • 9 ဇူလိုင် 2015
Voters lists
Image caption မဲစာရင်း မှားယွင်းမှုတွေကြောင့် ဝေဖန်ပြောစရာ ဖြစ်နေ

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ ကို သန့်ရှင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ အဖြစ် ကျင်းပ ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က လစဉ် ရေဒီယိုမိန့်ခွန်းမှာ ဇူလိုင်လ ၉ ရက်နေ့က ပြောလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က အခြေခံဥပဒေ မပြင်ဘဲ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမှာ မဟုတ်ပေမဲ့ အဲဒီအချက် တစ်ခုတည်းနဲ ရွေးကောက်ပွဲ ဝင်မဝင် ဆုံးဖြတ်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။

ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် အဓိက လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ တိုင်းရင်းသား ပါတီတွေ ဘက်ကလည်း အမြင်တွေ အမျိုးမျိုး ရှိကြပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီက ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက လောလောဆယ် မှားယွင်းနေတဲ့ မဲစာရင်းတွေ မှန်ကန်အောင် ပြင်ပေးဖို့ လိုတယ်လို့ ပြော ပါတယ်။

ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက တပ်ထဲမှာ ပေးတဲ့ မဲစာရင်းတွေကို လူတွေ မသိရအောင် လုပ်တာမျိုးလည်း မဖြစ်သင့်ဘူး လို့ သူက ပြောပါတယ်။

ရခိုင် အမျိုးသားပါတီ ဥက္တဋ္ဌ ဒေါက်တာ အေးမောင် ကတော့ မဲစာရင်းတွေ မှန်ကန်ဖို့ အပြင် မှတ်ပုံတင် ပြုလုပ်ဆဲ လူတွေ မဲပေးနိုင်စေဖို့၊ ပြည်တွင်းနဲ့ နိုင်ငံ တကာက ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေကို လက်ခံဖို့နဲ့ မဲပေးတဲ ပုံစံတွေ စနစ်တကျ ဖြစ်ဖို့ လိုတယ်လို့ပြောပါတယ်။

ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းတွေကို လာမယ့် ရက်ပိုင်း အတွင်းစတင် တင်သွင်းနိုင်ပြီ ဖြစ်ပြီး မဲဆွယ်စည်းရုံး ခွင့်အတွက် ရွေးကောက်ပွဲ ကော်မရှင်က ရက်သတ်မှတ် ပေးမှာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ တုန်းက ကြံ့ခိုင်ရေး ပါတီဟာ ကြိုတင်မဲ တွေနဲ့ အငြင်းပွားဖွယ် အနိုင်ယူခဲ့တယ် လို့ဝေဖန်တာတွေ ရှိခဲ့ ပါတယ်။

အခုလည်း ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ပြန်တဲ့ မဲစာရင်းတွေမှာ အလွဲ အမှားတွေ များတာကြောင့် သံသယတွေရှိနေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ