ဗုဒ္ဓဘာသာ မိန်းမများ လက်ထပ်ခြင်းဥပဒေကို အီးယူ ဝေဖန်

  • 10 ဇူလိုင် 2015
_hluttaw
Image caption မျိုးစောင့် ဥပဒေ တွေ ကို သုံးသပ် ပြုပြင် ဖို့ ရာ ကတော့ မြန်မာ နိုင်ငံသားတွေ ကိုယ်တိုင် ချမှတ် ဖော်ဆောင် သွားမှ ရမယ်။

မျိုးစောင့် ဥပဒေတွေထဲ ပါတဲ့ ဗုဒ္ဓဘာသာ မိန်းမများ အထူး ထိမ်းမြား လက်ထပ်ခြင်း ဆိုင်ရာ ဥပဒေ ကို ပြည်ထောင်စု လွှတ်တော် ကနေ အတည်ပြု ပေးလိုက်တာ ဟာ မြန်မာ နိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲမှု တွေကို ထိခိုက် လာစေ နိုင်တယ် လို့ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ က ဝေဖန် လိုက်ပါတယ်။

ဒီ ဥပဒေဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ကို ဗုဒ္ဓဘာသာဝင် မဟုတ်သူ တွေနဲ့ လက်ထပ်ခွင့်ကို ကန့်သတ် လိုက်တာ ဖြစ်သလို၊ တခြား ဘာသာဝင် လူနည်းစု တွေ ကိုလည်း ခွဲခြား ဆက်ဆံ ရာ လည်း ရောက် တဲ့ အတွက် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေ ကို မလိုက်နာတာ ပဲ လို့ အီးယူ အဖွဲ့ ရဲ့ ပြောခွင့်ရ မာယာ ကွန်စီယန်းချစ်ချ် က ဘီဘီစီ ကို ပြောပါတယ်။

ဒီ လက်ထပ် ခြင်း ဆိုင်ရာ ကန့်သတ် တဲ့ ဥပဒေ ဟာ မြန်မာနိုင်ငံ မှာ ကြိုးစား တည်ဆောက် နေတဲ့ ပွင့်လင်းပြီး ဒီမိုကရေစီဆန် တဲ့ လူ့အဖွဲ့အစည်း တရပ် ဖြစ်ပေါ် လာဖို့ နဲ့ အမျိုးသား ပြန်လည် စည်းလုံးရေး တွေ အပေါ် မှာ လည်း ထိခိုက်မှု ရှိလာနိုင် တယ် ဆိုပြီး တော့ လည်း မာယာ ကွန်စီယန်းချစ်ချ် က ဆို ပါတယ်။

မျိုးစောင့် ဥပဒေတွေ ပြဌာန်း ဖို့ ကြိုးစား လာခဲ့တာ ကို အီးယူဘက် က စောင့်ကြည့် နေခဲ့ပြီး အီးယူ ကိုယ်စားလှယ်တွေ အနေနဲ့ လည်း မြန်မာ အာဏာပိုင် တွေ ကို အီးယူ ရဲ့ သဘောထား ကို ပြောကြား ခဲ့ပြီး ဖြစ် တယ် လို့ ဆို ပါတယ်။

ဒါပေမယ့် ပြဌာန်းလိုက် တဲ့ မျိုးစောင့် ဥပဒေ တွေ ကို သုံးသပ် ပြုပြင် ဖို့ ရာ ကတော့ မြန်မာ နိုင်ငံသားတွေ ကိုယ်တိုင် ချမှတ် ဖော်ဆောင် သွားမှ ရမယ် လို့ မစ္စ ကွန်စီယန်းချစ်ချ် က ပြောသလို မြန်မာနိုင်ငံ အတွင်း ထိရောက် တဲ့ တရား စီရင်ရေး စနစ် တခု ဖွံ့ဖြိုး တိုးတက် လာဖို့ အတွက် အီးယူ အနေနဲ့ ကူညီ နေတယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ