ဦးအောင်သောင်း ကျန်းမာရေးစိုးရိမ်ရ

  • 9 ဇူလိုင် 2015
U Aung Thaung ဓာတ်ပုံ မူပိုင် AP
Image caption ပါတီအောင်နိုင်ရေးတွေ လုပ်နေတုန်း ကျန်းမာရေး ဖောက်သွားတာ ဖြစ်။

ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းဟာ သွေးတိုးရာကနေ ဦးနှောက်သွေးကြော ပေါက်သွားလို့ ဇူလိုင်လ ၈ ရက်နေ့ညက နေပြည်တော်ဆေးရုံကြီးကို တင်ပို့ ကုသခဲ့ရပေမယ့် မသက်သာတဲ့ အတွက် ဇူလိုင် ၉ ရက် ကြာသပတေးနေ့မှာတော့ စင်္ကာပူမှာ ဆေးကုသခံဖို့ ခေါ်သွားခဲ့ပါတယ်။

ရန်ကုန်က နေပြည်တော်ကို အရေးပေါ်လိုက်သွားပြီး ကြည့်ပေးခဲ့ရတဲ့ ဦးနှောက်ခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာမြတ်သူက အခြအနေက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

လက်ရှိ ပါတီခေါင်းဆောင်ပိုင်းအကြားမှာ သဘောထားကွဲမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေချိန်၊ ရွေးကောက်ပွဲ ကျင်းပမယ့်ကာလကလည်း မဝေးတော့တဲ့အချိန်မှာ ပါတီထိပ်ပိုင်း ခေါင်းဆောင်တစ်ဦး ကျန်းမာရေး မကောင်းတာဟာ ပါတီအတွက် ထိခိုက်မှုတွေ ရှိလာမှာကို ပါတီခေါင်းဆောင်ပိုင်းကလည်း စိုးရိမ်မှုတွေရှိကြပါတယ်။

သြဇာရှိသူ

ဓာတ်ပုံ မူပိုင် AFP
Image caption ပါတီတွင်းမှာ သြဇာကြီးသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ဦးအောင်သောင်းဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုအတိုင်ပင်ခံ အဖြစ် ပါတီတွင်း ဩဇာကြီးမားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ရင်းနှီးတဲ့သူ ဖြစ်သလို သဘောထား တင်းမာမူ့တွေ ဖြစ်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ပါတီဥက္ကဌ သူရဦးရွှေမန်းတို့အကြား စေ့စပ်ညှိနှိုင်းပေးနိုင်သူ တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက်လည်း ပြီးခဲ့တဲ့ တစ်လကျော် ကတည်းက တက်တက်ကြွကြွ လုပ်နေခဲ့သူမို့ သူလိုလူမျိုး ကျန်းမာရေး မကောင်း ဖြစ်သွားတာဟာ ပါတီ အောင်နိုင်ရေး အတွက် ထိခိုက်သွားနိုင်ပြီး ပါတီတွင်း ပြန်လည် သင့်မြတ်ရေးလည်း အားနည်း သွားစေနိုင်မယ် လို့ ပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဦးအောင်သိန်းလင်းက ပြောပါတယ်။

ရွေးကောက်ပွဲရက် ကြေငြာပြီးတာနဲ့ ပါတီမှာ လုပ်စရာကိစ္စတွေ များလာသလို ထိပ်တိုက် တွေ့စရာတွေလည်း ရှိပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သမ္မတ ဦးသိန်းစိန် ဟာ ဇူလိုင်လ ၈ ရက်နေ့က စလို့ ပါတီ လုပ်ငန်းတွေ ပြန်လုပ် နိုင်ပါပြီ။ ဒါကြောင့် သူအနေနဲ့ ဖွဲ့စည်းပုံအရ သူရဦးရွှေမန်းကိုလွှဲပေးခဲ့ရတဲ့ ပါတီဥက္ကဌ နေရာကို ပြန်ယူမလား ဆိုတာ အရေးတကြီး ဆုံးဖြတ် ရပါတော့မယ်။

၂၀၁၄ ခု နှစ်ဆန်း လောက်ကစလို့ ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်း သဘောထား ကွဲလွဲလာတဲ့ အချိန်မှာ ဦးအောင်သောင်းဟာ သူရဦးရွှေမန်းဖက်က ရပ်တည်ပေးခဲ့သူဖြစ်ပါတယ်။

ဒါကြောင့် အခုလို ပါတီအတွင်း အရေးကြီးတဲ့ ဆုံးဖြတ်ရမယ့်အချိန်မှာ ဦးအောင်သောင်း ကျန်းမာရေးမကောင်း ဖြစ်သွားတာဟာ သူရဦးရွှေမန်းအတွက် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာပါတယ်။

ဆရာဝန်တွေရဲ့ ပြောဆိုချက်အရ ဦးအောင်သောင်းဟာ ပြန်လည် ကောင်းမွန်လာဖို့ အချိန်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။