ကော်တောင်ကျွန်းအမှု ၃ ရက်မြောက် စစ်ဆေး

  • 10 ဇူလိုင် 2015
koh_tao_thai_murder_ ဓာတ်ပုံ မူပိုင် epa

ထိုင်းတောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဒီနေ့ ထပ်မံစစ်ဆေး ခဲ့ပါတယ်။

ဒီအမှုကို ကျူးလွန်တယ်လို့ စွတ်စွဲခံထားရတဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်း ခေါ် ဝေဖြိုးတို့ အမှုနဲ့ပတ်သက်ပြီး တရားလိုပြ သက်သေတွေကို တရားရုံးမှာ ၃ ရက်မြောက်အဖြစ် ဒီကနေ့ ထပ်မံစစ်ဆေးရာ မှာ

တရားလို သက်သေအဖြစ် အခင်း ဖြစ်ပွားတဲ့နေ့မှာ သက်သေခံပစ္စည်း စစ်ဆေးတဲ့ ရဲနဲ့ အလောင်းကို ခွဲစိတ်သူလည်းဖြစ် ဒီအဲန်အေ စစ်ဆေးသူလည်းဖြစ်တဲ့ ရဲဆရာဝန်တို့က တွေ့ရှိချက်တွေကို ထွက်ဆိုခဲ့ပါတယ်။

သေဆုံးသူ ဗြိတိန်နိုင်ငံသား အမျိုးသမီးနဲ့ အမျိုးသားဆီက တွေ့ရှိတဲ့ ဒီအဲန်အေ စစ်ဆေးချက်တွေကို စစ်ဆေးနိုင်ခဲ့တယ်လို့ ရဲဆရာဝန်က ပြောပါတယ်။

ရဲဆရာဝန်ရဲ့ထွက်ဆိုချက်မှာတော့ အဓမ္မပြုကျင့် ခံရတယ်လို့ ပြောတဲ့အကြောင်း တရားခံရှေ့နေ ဖြစ်တဲ့ ထိုင်းရှေ့နေများ ကောင်စီက နခေါန်း ချုမ်းဖူးချတ်က ရှင်းပြရာမှာတော့ အလောင်း ခွဲစိတ်တဲ့ဆရာဝန်က ဒဏ်ရာ ဒဏ်ချက်တွေ တွေ့ရှိတယ်၊ အဓမ္မပြုကျင့် ခံရတယ်လို့ပြောကြောင်း၊ ဒါပေမယ့် ကွဲလွဲနေတာက ပထမဆုံး အလောင်းစစ်ဆေးတဲ့ ဆရာဝန်ပြောတာက အမြင်အရ အဓမ္မပြုကျင့်တယ်ဆိုတာ မသိနိုင်ဘူးလို့ ဆိုတဲ့ အကြောင်းနဲ့ ၊ ပထမဆုံး အလောင်းစစ်ဆေးတဲ့ ဆရာဝန်နဲ့ ဒီကနေ့ ထွက်ဆိုသွားတဲ့ ဆရာဝန်နဲ့က ကွဲလွဲချက်တွေ ရှိနေတာကိုတွေ့ရတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဘယ်သူဘယ်ဝါရဲ့ ဒီအဲန်အေဖြစ်တယ်လို့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပါဘူး။

ပထမရုံးချိန်ဖြစ်နေလို့ အကုန်မထုတ်ပြောတာ ဖြစ်နိုင်တယ်လို့ ကော်စမွီတရားရုံးမှာ ဝင်ရောက် နားထောင်နေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။