ကချင်လုံခြုံရေး အခြေအနေ ဆက်လက်ဆိုးရွားနေ

  • 13 ဇူလိုင် 2015
_kia_ ဓာတ်ပုံ မူပိုင် thetlwinoo
Image caption ခေါင်းဆောင်ပိုင်း ငြိမ်းချမ်းရေး စကားပြောထား ပေမယ့် မြေပြင် မှာ တိုက်ပွဲ တွေ မရပ်နိုင်။

ကချင်ပြည်နယ် ထဲ မှာ အစိုးရ စစ်တပ် နဲ့ ကချင် လက်နက်ကိုင် တပ် KIA အကြား တိုက်ပွဲ တွေ ဆက်လက် ဖြစ် ပေါ် နေတဲ့ အတွက် ဒီ အခြေ အနေ တိုင်းသာ ဆက်ရှိ နေရင် ပြည်နယ်တွင်း ရွေးကောက်ပွဲ လုပ်ဖြစ် ဖို့ တောင် မှ မသေချာ လှဘူး ဆိုပြီး ကချင် ငြိမ်းချမ်းရေး အကျိုး ဆောင် အဖွဲ့ဝင် တစ်ဦး က ပြောလိုက် ပါတယ်။

မြစ်ကြီးနားနဲ့ ပူတာအို သွားတဲ့လမ်း ဆွမ်ပရာဘွမ် နားမှာ ကေအိုင်အေ တပ်မဟာ ၁ ကို အစိုးရ စစ်တပ်က ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ဂျက်လေယာဉ် တွေ သုံးပြီး လေကြောင်း တိုက်ခိုက်မှု တွေ ပြုလုပ် ခဲ့တယ် လို့ ကချင် ငြိမ်းချမ်းရေး အကျိုး ဆောင် အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာ က ဘီဘီစီ ကို ပြောပါတယ်။

နှစ်ဘက်တပ်ရဲ့ ခေါင်းဆောင် ပိုင်း အကြားတော့ ကချင် ငြိမ်းချမ်းရေး အကျိုး ဆောင် အဖွဲ့ ကနေ တဆင့် စာ အသွားအလာ အဆက် အသွယ် ရှိ နေတယ် လို့ ဦးလမိုင်ဂွန်ဂျာ က ပြောပေမယ့် စာပါ အကြောင်းအရာ တွေ ကို တော့ မသိရ ပါဘူး။

ဖားကန့်နဲ့ ကာမိုင်းကြား မှာလည်း နှစ်ဘက်တပ် တွေ ထိတွေ့မှု တွေ ရှိနေခဲ့ ပြီး တိုက်ပွဲ ငယ်တွေ ဖြစ်ခဲ့တယ် လို့ သိရပါတယ်။

ဇူလိုင် ၁၁ ရက်နေ့က ဖားကန့် နဲ့ ကာမိုင်းကြား လွယ်ဆမ်ရွာ မှာ ကေအိုင်အေက မိုင်းဆွဲ တိုက်လို့ အစိုးရ စစ်တပ် က ပစ်ခတ်ရာမှာ အပြစ်မဲ့ ရွာသား တွေ သေဆုံးမှု ရှိတဲ့ အကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အန်ဒီအက်ဖ် ရဲ့ ကချင်ပြည်နယ်ဥက္ကဌ ဒေါ်ဘောက်ဂျာ က ပြောပါတယ်။

ဖားကန့်ဘက် က ဆင်းလာတဲ့ အစိုးရတပ် အင်အား ၄၀၀ ကျော် လောက် ဟာ လွယ်ဆမ် ရွာ ကို ဝင်ရောက် ပစ်ခတ် ခဲ့တဲ့ အတွက် အသက် ၂၃ နှစ် ဝန်းကျင် ကိုယ်ဝန်ဆောင် အမျိုးသမီး သေနတ် ထိမှန် သေဆုံး ခဲ့ တယ် လို့ ဒေါ်ဘောက် ဂျာ က ပြောပါတယ်။

ရွာ အုပ်ချုပ်ရေး မှုး ကို အစိုးရ စစ်တပ် က ဖမ်းထား ပြီး ရွာသား တွေ ကို ရွာ က ထွက်ခွာခွင့် မပြု တဲ့ အတွက် လက်မှာ သေနတ် ဒဏ်ရာ ရထား တဲ့ အမျိုးသမီး တစ်ဦး လည်း ဒီ အတိုင်းပဲ နေနေ ရတယ် ဆိုပြီး တော့လည်း ဒေါ်ဘောက်ဂျာ က ဆိုပါတယ်။

ဒီလို အခြေအနေ မျိုး မှာ ဒေသခံ ပြည်သူ တွေ အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အပေါ် စိတ်မဝင်စား နိုင် ကြ သလို၊ ဖားကန့် အပါအဝင် ဆွမ်ပရာဘွမ် ဘက်က တိုက်ပွဲတွေ ကြောင့် စစ်ရှောင် စခန်းတွေ မှာ အရင် ရှိပြီးသား ဒုက္ခသည် တွေ မလျော့တဲ့ အပြင် တိုးလာ နေတယ်လို့ လည်း ဒေါ်ဘောက်ဂျာ က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ တုန်း ကတော့ လက်ရှိ မွေးမြူရေး နဲ့ ရေလုပ်ငန်း ဝန်ကြီး ဦးအုန်းမြင့် က ဖားကန့် ဒေသ ကနေ အနိုင်ရခဲ့ပြီး၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မှာတော့ ဝန်ကြီး ဖြစ်သွားတဲ့ ဦးအုန်းမြင့် နေရာ မှာ အစားထိုး ဖို့ တိုက်ပွဲတွေ ကြောင့် ရွေးကောက်ပွဲ မလုပ်နိုင် ခဲ့ပါဘူး။

အခု လက်ရှိ ကချင် ပြည်နယ် အခြေအနေ မှာ တော့ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင် မယ့် အမတ်လောင်း တွေ က စိတ်ထက်သန် နေပေမယ့် ဒေသခံ အများစု ကတော့ ရွေးကောက်ပွဲ ထက် စစ်တွေ ငြိမ်းအေးဖို့သာ စိတ်ဝင်စား နေကြတယ် လို့ ဘီဘီစီကို ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ