သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲ ဝင်မဝင် မသေချာ

  • 14 ဇူလိုင် 2015
Image caption ရွေးကောက်ပွဲ ဝင်မယ် ဆိုရင် စာရင်း တင်သွင်းဖို့ အချိန် ရသေး တယ်လို့ ဆိုပါတယ်

သမ္မတ ဦးသိန်းစိန် အနေနဲ့ လာမယ့် ရွေးကောက်ပွဲ ဝင်မဝင် ဆိုတာ စဉ်းစား သုံးသပ် နေဆဲ ဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

'ပြိုင်ချင်လည်း ပြိုင်မယ် မပြိုင်ချင်လည်း မပြိုင်ဘူး' ဆိုတာ သမ္မတ ကိုယ်တိုင် ဆုံးဖြတ် ရမှာ ဖြစ်ပြီး၊ ရွေးကောက်ပွဲ ဝင်ရေး စာရင်း တင်သွင်းဖို့ ကလည်း အချိန် ရသေး တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် အနေနဲ့ သူ့ရဲ့ ကျန်းမာရေး အခြေအနေ အရ လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် တော့မှာ မဟုတ်ဘူး ဆိုတဲ့ သတင်းကို တနင်္လာနေ့က ဘီဘီစီ အပါအဝင် သတင်း မီဒီယာ တွေမှာ ဖေါ်ပြခဲ့ကြ ပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ တာဝန်ကို လက်ရှိ ယူထားတဲ့ သူရ ဦးရွှေမန်း ဆီကို ဦးသိန်းစိန် ပေးပို့ ခဲ့တဲ့ စာမှာ အဲဒီလို ဖေါ်ပြ ထားတာ ဖြစ်ပါတယ်။

ဒီစာကိစ္စ သတင်း ထုတ်ပုံနဲ့ ပတ်သက်ပြီးလည်း အငြင်းပွားဖွယ် ရှိတယ်လို့ ဦးဇော်ဌေး က ဆိုပြန် ပါတယ်။

ပုံမှန် ဆို သမ္မတရုံး၊ ဒါမှမဟုတ် ပြည်ထောင်စု အစိုးရ အဖွဲ့၊ ဒါမှမဟုတ် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ၊ ဒါမှမဟုတ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ် ပြန်ရမှာ ဖြစ်ပြီး၊ အခု ထုတ်ပုံ ထုတ်နည်း ထုတ်တဲ့ ပုံက မေးခွန်း ထုတ်စရာ ဖြစ်နေ တယ်လို့ ဆိုပါတယ်။

ဒုတိယ သမ္မတ သက်တမ်း ဆက်လုပ် မလုပ် ဆိုတာ နဲ့ ပတ်သက်ပြီး တော့လည်း သမ္မတ အနေနဲ့ တိုင်းပြည်ရဲ့ အခြေ အနေ၊ ပြည်တွင်း နိုင်ငံရေး အခြေ အနေ နဲ့ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ပြည်သူတွေရဲ့ အနေ အထား အပေါ် စဉ်းစား သုံးသပ် မယ်လို့ ပြောထားတာ ရှိကြောင်းကို ဦးဇော်ဌေးက ထပ်လောင်း ပြောကြား သွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ