၈၈ ငြိမ်းပွင့်က ခေါင်းဆောင်တချို့ ရွေးကောက်ပွဲဝင်မယ်

  • 16 ဇူလိုင် 2015
88G and NLD
Image caption ၈၈ငြိမ်းပွင့်နဲ့ NLD တို့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိခဲ့

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်ပိုင်း တချို့ဟာ နိုဝင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အခုအထိ သိရသမျှ ဦးကိုကိုကြီး၊ ဒေါ်မီးမီး ခေါ် ဒေါ်သင်းသင်းအေး၊ ဒေါ်မာမာဦး ၊ ဦးဇော်ဇော်မင်း၊ ဦးပဏ္ဍိတ်ထွန်း နဲ့ ဒေါ်သက်သက်အောင် တို့ ဝင်ရောက် ယှဉ်ပြိုင် ကြမှာပါ။

ဒေါ်သက်သက်အောင်ကတော့ သူ့အနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်ဒီကနေ ဝင်ရောက်ယှဉ်ပြိင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲန်အယ်ဒီနဲ့ အပြီးသတ် ဆွေးနွေးညှိနှိုင်းသဘောတူထားတာမျိုးတော့ မရှိသေးပဲ ဘယ်မဲဆန္ဒနယ်က ယှဉ်ပြိုင်မယ်ဆိုတာကိုလည်း မဆုံးဖြတ်ရသေးပါဘူးလို့ ဒေါ်သက်သက်အောင်က ပြောပါတယ်။

Image caption ဒေါ်သက်သက်အောင်က အဲန်အယ်ဒီက ဝင်အရွေးခံဖို့ ဆန္ဒရှိ

၈၈ ငြိမ်းပွင့်အဖွဲ့ထဲမှာ ထိပ်ပိုင်း ခေါင်းဆောင်တွေ အထဲက ဦးမင်းကိုနိုင် ကတော့ ရွေးကောက်ပွဲ ဝင်မှာ မဟုတ်ပဲ ဦးကိုကိုကြီး ကတော့ တစ်သီး ပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆန္ဒရှိ ကြတယ်လို့ ဒေါ်သက်သက်အောင်က ပြောပြ ပါတယ်။

၈၈ အဖွဲ့ ထဲမှာလည်း လွှတ်တော်တွင်း လွှတ်တော်ပြင်ပ နိုင်ငံရေးကို ဟန်ချက်ညီညီ လုပ်သွားကြဖို့ သဘောထား ရှိပြီး အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်း တွေကို ဦးစားပေး လုပ်ဆောင် ကြမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်သူတွေရဲ့ ရည်ရွယ်ချက် ကတော့ လွှတ်တော် အတွင်းကနေ အခြခံဥပဒေကို ပြင်ဆင်နိုင်ဖို့၊ ပြည်သူလူထု အကျိုးရှိမယ့် ဥပဒေတွေ ပြဌာန်း နိုင်ဖို့နဲ့ ပြည်သူကို ဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက် နိုင်အောင် ကြိုးစားသွားဖို့ ဖြစ်တယ်လို့ ဒေါ်သက်သက်အောင်က ပြောသွားပါတယ်။