အနိမ့်ဆုံးလုပ်ခ ၃ ဒေါ်လာနဲ့ နိုင်ငံတကာ

  • 16 ဇူလိုင် 2015
Garment
Image caption လုပ်ခတိုးပေးရေး တောင်းဆိုသူ အထည်ချုပ် လုပ်သားများ

နိုင်ငံတကာ အထည်ချုပ် ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Adidas, Tesco, H&M, Gap တို့က မြန်မာနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခ ၃ ဒေါ်လာ သတ်မှတ်တာကို ထောက်ခံခဲ့ကြပါတယ်။

ကုမ္ပဏီ တခုချင်း အနေနဲ့ ထောက်ခံခဲ့ကြတာ မဟုတ်ဘဲ သူတို့ ပါဝင်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ The Fair Labour Association မျှတ အလုပ် အဖွဲ့အစည်း၊ Ethic Trading Initiative သိက္ခာရှိ ကုန်သွယ် လုပ်ငန်းတို့က ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့က အနိမ့်ဆုံး လုပ်ခ ၃ ဒေါ်လာကို အထည်ချုပ် အလုပ်ရှင်တွေက သဘောတူဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အနိမ့်ဆုံး လုပ်ခ ၃ ဒေါ်လာ နှုန်း မဖြစ်မနေ ပေးရမယ့် အထဲမှာ အထည်ချုပ်လုပ်ငန်းတွေကို ကင်းလွတ်ခွင့် ပေးဖို့ တောင်းဆိုနေကြတာကိုလည်း မလုပ်ဖို့ သူတို့က ဟန့်တား ခဲ့ကြ ပါတယ်။

တကယ်လို့ အထည်ချုပ် တွေကို အနိမ့်ဆုံး လုပ်ခ ကင်းလွတ် သက်သာခွင့် ပြုခဲ့ရင် အလုပ်သမားတွေ တခြား လုပ်ငန်းတွေဆီ ရွှေ့ပြောင်းကုန်မှာကို စိုးရိမ်တယ်လို့ သူတို့က ပြောဆိုခဲ့ကြ ပါတယ်။

ပြည်တွင်း အထည်ချုပ် လုပ်ငန်းရှင်တွေကတော့ သူတို့ဟာ လက်ခစား ကြားလူတွေသာ ဖြစ်တဲ့ အတွက် လုပ်ခ အဲသလောက် ပေးရရင် တွက်ခေျ မကိုက်ဘူးလို့ ဆိုနေကြပါတယ်။ သူတို့ကို အဲသလောက် လုပ်ခ ပေးစေချင် ရင် အစိုးရက အခွန်အခတွေ လျှော့ချ ပေးဖို့ အထောက်အပံ့တွေ ပေးဖို့ လျှပ်စစ်နဲ့ စွမ်းအင်တွေ မှန်မှန်ရအောင် လုပ်ဆောင်ပေးဖို့ ပြောဆိုပါတယ်။

အထည်ချုပ် လုပ်ငန်းတွေဟာ မြန်မာသာမက ကမ္ဘာ့ နေရာ အနှံ့အပြားမှာ အလုပ်သမားတွေကို ဖိနှိပ်သွေးစုပ်မှုတွေ ရှိတယ်လို့ နိုင်ငံတကာ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ကန့်ကွက် ဝေဖန်မှု ခံနေရတဲ့ စီးပွားရေး လုပ်ငန်း အမျိုးအစားလည်း ဖြစ်ပါတယ်။