၈၈ ခေါင်းဆောင်တွေကို လက်ခံမယ်လို့ NLD ပြော

ဓာတ်ပုံ မူပိုင် 88 gen
Image caption NLD နဲ့ ၈၈ အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် မယ့် သဘော တူညီချက် ရှိထား

လာမယ့် ရွေးကောက်ပွဲမှာ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က ခေါင်းဆောင် တွေ NLD ပါတီ ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ် ဆိုရင် လက်ခံမှာ ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ် အမှုဆောင် နဲ့ ဗဟိုအောင်နိုင်ရေး ကော်မီတီ ဥက္ကဌ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ၈၈ အဖွဲ့ ဖက်က အဆိုပြုစာရင်း ရောက်မလာ သေးဘူးလို့ ဦးဉာဏ်ဝင်း ကဆိုပါတယ်။

အဆိုပြုချက် ရောက်လာ တဲ့အခါ ဘယ်သူ တွေက ဘယ်မဲဆန္ဒ နယ်မြေ ကနေ ဝင်ရောက် အရွေးခံမယ် ဆိုတာကို ညှိနှိုင်း ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်တာတွေ ကိုလည်း အခုမှ ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

၈၈ အဖွဲ့က လူတွေကို ကိုယ်စားလှယ် အဖြစ် ရွေးချယ်ရာမှာ ဒီမိုကရေစီရေး နဲ့ နိုင်ငံရေး လှုပ်ရှားမှု တွေမှာ ဘယ်လောက် ပါဝင်ခဲ့သလဲ ဆိုတာကို ကြည့်မှာ ဖြစ်ပေမယ့် အရည်အချင်း သတ်မှတ်ချက် မထားဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

နှစ်ဖက် ကြားမှာ ဘယ်လိုညှိနှိုင်း မယ်ဆိုတာကို မပြောနိုင်ပေမယ့် အဆင်ပြေအောင် ညှိနှိုင်း နိုင်လိမ့်မယ် လို့ ယုံကြည်ကြောင်း လည်း ဦးဉာဏ်ဝင်း ကပြောပါတယ်။