ကချင်ဒုက္ခသည် ထောင်ချီပြီး တောထဲမှာ ပိတ်မိနေ

  • 17 ဇူလိုင် 2015
_kia_
Image caption ကေအိုင်အေ တပ်မဟာ ၁ ထိန်း ချုပ်ရာ နယ် ထဲ က တပ်ရင်း ၇ ရဲ့ စခန်း ကို အစိုးရ တပ် က လွန်ခဲ့တဲ့ သီတင်း တစ်ပတ် ကျော် ကတည်း က စတင် ထိုး စစ် ဆင် လာ။

ကချင်ပြည်နယ် ဆွမ်ပရာဘွမ် မြို့နယ် ထဲမှာ အစိုးရ စစ်တပ် က ကချင် လက်နက်ကိုင် ကေအိုင်အေ ကို ထိုးစစ်ဆင် တဲ့ တိုက်ပွဲ တွေ ဆက်လက် ရှိ နေပြီး အနီးနား ကျေးရွာ တွေ က စစ်ရှောင် ဒုက္ခသည် တစ်ထောင် ကျော် ဟာ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် နေ တဲ့ အတွက် တောထဲ မှာ ပိတ်မိ နေ ပါတယ်။

အဲဒီ့ ဒုက္ခသည် တွေ ဟာ အစာရေ စာ ပြတ် တောက် နေပြီး သွားရောက် ကူညီ ဖို့ ရာ လည်း အစိုးရ စစ်တပ် ရဲ့ မြောက်ပိုင်း တိုင်း စစ်ဌာန ချုပ် က ခွင့်ပြု တဲ့ ကုန်းလမ်း ခရီး နဲ့ ဆို ရက် ၂၀ ကျော် မှ ရောက် နိုင် မှာ ဖြစ် လို့ ကယ်ဆယ် ထောက်ပံ့ရေး အစီအစဉ် ကို ဆိုင်းငံ့ ထားရတယ် လို့ ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းတော် KBC က ပြောပါတယ်။

မလိယန် ရွာ နဲ့ အနီး တဝိုက် ရွာ တွေ က ဒုက္ခသည် တွေ ပိတ်မိ နေတဲ့ တောထဲ ကို ရေလမ်း က သွားရင် ၂ ရက် ခရီး လောက် ပဲ ကြာ နိုင် မှာ ဖြစ်ပေမယ့် အစိုးရ စစ်တပ် က လုံခြုံရေး ကို အာမ မခံ နိုင် ဘူး လို့ ပြောတဲ့ အတွက် ဒုက္ခသည် တွေ ဆီကို မသွား နိုင် ဖြစ်နေ ရတယ် ဆိုပြီး KBC ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးလမိုင်ယော် က ဘီဘီစီ ကို ပြောပါတယ်။

ဆွမ်ပရာဘွမ် မြို့နယ် ထဲက ကေအိုင်အေ တပ်မဟာ ၁ ထိန်း ချုပ်ရာ နယ် ထဲ က တပ်ရင်း ၇ ရဲ့ စခန်း ကို အစိုးရ တပ် က လွန်ခဲ့တဲ့ သီတင်း တစ်ပတ် ကျော် ကတည်း က စတင် ထိုး စစ် ဆင် လာပြီး တိုက်ပွဲ တွေ ဖြစ် လာ ခဲ့တာ ပါ။

အစိုးရ စစ်တပ် က တိုက်လေယာဉ် တွေ ပါ အသုံပြု ပြီး မြေပြင် တပ် အင်အား အတော် များများ နဲ့ အပြင်းအထန် တိုက် ခိုက် လာတာ ဖြစ် တယ် ဆိုပြီး ကချင် ငြိမ်းချမ်းရေး အကျိုး ဆောင် တစ်ဦး ဖြစ်တဲ့ ဦးစန်းအောင် က ပြောပါတယ်။

ဒီလို ကချင် ပြည်နယ် ထဲ မှာ တိုက်ပွဲ တွေ ဖြစ်ပေါ် လာရင် နှစ်ဘက် ညှိနှိုင်း ကြဖို့ ရည်ရွယ် ချက် နဲ့ ပဋိပက္ခညှိနှိုင်း ရေး အဖွဲ့ ဆိုပြီး ဖွဲ့စည်း ထား ရှိ ကာ ပုံမှန် တွေ့ဆုံ လေ့ ရှိပါတယ်။

ဒါပေမယ့် အခု ဆွမ်ပရာဘုံ တိုက် ပွဲ တွေ အပစ်ရပ် နိုင် ဖို့ အတွက် တွေ့ဆုံ ဖို့ရာ တော့ အစိုးရ ကိုယ်စားလှယ် တွေ ဘက် က အလုပ်မအား ဘူး ဆိုပြီး ပြောနေ တယ် လို့လည်း ဦးစန်းအောင် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ