စစ်ကိုင်းတိုင်းမှာ ရေကြီးနေ

  • 18 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် bbc burmese
Image caption ကယ်ဆယ်ရေး တွေ မရောက်နိုင်သေး

စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ ဒီပဲယင်း နဲ့ ဘုတလင်မြို့နယ်တွေမှာ ဇူလိုင်လ ၁၆ ရက်နေ့ကတည်းက မိုးဆက်တိုက်ရွာနေလို့ကျေးရွာတချို့ရေမြုပ်နေပါတယ်။

စနေနေ့မနက် ၂ နာရီကျော် လောက်မှာ ဘုတလင်မြို့နယ် ထဲက သစ်ခဲဆည် ကျိုးပေါက်ခဲ့လို့ ရွာတရွာ ရေမြုပ်ခဲ့ကြောင်း နဲ့အခုတော့ ရေပြန်ကျသွားပြီလို့ အဲဒီနေရာ ကို ရောက်နေတဲ့ စစ်ကိုင်းတိုင်း လူမှုရေး ဝန်ကြီး ဒေါက်တာ မြင့်သိန်း က ပြောပါတယ်။

ကန့်ဘလူနဲ့ ၁၀ မိုင်လောက် အကွာမှာ ရှိတဲ့ မင်းပြင် ဆည် လည်း ရေလျှံ နေတာကြောင့် ဆည် ပေါက်မှာကို စိုးရိမ် ရကြောင်း စစ်ကိုင်းတိုင်း နယ်စပ် ရေး ရာနဲ့ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင် က ဘီဘီစီကို ပြောပါတယ်။

ကယ်ရေး အတွက် ရဟတ်ယာဉ်တွေ ခေါ်ယူထားပြီး လူမှုရေးအဖွဲ့အစည်းတွေကိုလည်းအသင့်ပြင်ထားကြောင်းသူကပြောပါတယ်။

ကန့်ဘလူနဲ့ ဘုတလင်ဘက် ရွာတွေမှာ အခြေအနေ ဆိုးနေပြီး မြစ်ကြီးနား မန္တလေး ရထား တွေတောင် ရပ်ထား ရပါတယ်။

ကန့်ဘလူမြို့နယ် ချပ်သင်း စံပြ ရွာကြီးမှာ ဆိုရင် ရထားလမ်း အရှေ့ဘက်ခြမ်း မှာ ရေတွေ အတော်များ နေလို့ ဘေးလွတ်ရာကို ပြောင်းနေရတဲ့ အကြောင်း ချပ်သင်း ဘုန်းကြီးကျောင်းမှာ ရောက်နေတဲ့ ရေဘေး ဒုက္ခသည် ဒေါ်သီတာဝင်းက ပြော ပါတယ်။

ရေလျှံတဲ့ အရပ်တွေမှာ ဘေးလွတ်ရာ ကို ပြေးလာ ရလို့ အစားအသောက် အကူအညီ အဓိက လိုအပ် နေတယ်လို့ မသီတာဝင်း က ပြောပါတယ်။

ကန့်ဘလူ အောက်ပိုင်း စန္ဒယား ရွာနဲ့ ပတ်ဝန်းကျင် မှာလည်း စိုက်ခင်းတွေ ရေမြုပ် နေတဲ့ အကြောင်း စန္ဒယား ရွာသား တဦးက ပြောပါတယ်။ ခုရေလွွှမ်းတဲ့နေရာတွေမှာ လူသေဆုံးမှုတွေတော့ မရှိသေးဘူးလို့လည်း ပြောပါတယ်။

စစ်ကိုင်းတိုင်း မှာ အရင်က ရေလျှံမှုတွေ အနည်းငယ် ရှိတတ် ပေမယ့် ခုလို မိုးရေချိန် ၈လက်မ နီးပါးရွာပြီး မြို့နယ် အတော်များများ ရေကြီး ရေလျှံ ဖြစ်တာ ကတော့ ပထမဆုံး အကြိမ်ဖြစ်တယ် လို့ ဒေသခံ တွေက ပြောပါတယ်။