စစ်ကိုင်းတိုင်း​မြောက်​ပိုင်း ရေ​ကြီးနေ

  • 20 ဇူလိုင် 2015
_sagine_flood
Image caption မိုးရေ ချိန် ၈ လက်မ ကျော် ရွာပြီး အခုလောက် ပမာဏ အတိုင်း အတာ ထိ ရေကြီး နေတာ မျိုး ဟာ မကြုံ စဖူး ဖြစ်တယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း မှာ မိုးကြီး ပြီး ဆည်တွေ ကျိုး ရေတွေ လျှံ ဖြစ် နေတာ မှာ ကန့်ဘလူ နဲ့ ဘုတလင် မြို့နယ် တွေ အပါအဝင် မြို့နယ် ၅ ခု က ကျေးရွာ တွေ မှာ လူနေလို့ မရလောက် အောင် ရေတွေ ဝင်နေ ကာ မန္တလေး-မြစ်ကြီးနား ရထား တွေ လည်း ရပ်ထား ရပါတယ်။

ကန့်ဘလူ မြို့နယ် ထဲက ရထားလမ်း အရှေ့ဘက် ခြမ်း မှာ ရှိတဲ့ ချပ်သင်း စံပြ ရွာ မှာဆိုရင် ရေတွေ ဝါးတရိုက် ကျော် တက်လာ ပြီး အိမ် တချို့ ရေ အောက် မြုပ် ကုန် လို့ ချပ်သင်း ဘုန်းကြီး ကျောင်း ကို ရွာသား တွေ ပြောင်း နေရတယ် ဆိုပြီး ရေဘေး ဒုက္ခသည် တစ်ဦး ဖြစ်တဲ့ ဒေါ်သီတာဝင်း က ဘီဘီစီ ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း နယ်စပ်ရေးရာ နဲ့ လုံခြုံရေး ဝန်ကြီး ဗိုလ်မှုးကြီး ကြည်နိုင် က အာဏာပိုင် တွေ နဲ့ NGO တွေ ပေါင်းပြီး ကယ်ဆယ် ထောက်ပံ့ရေး တွေ လုပ်မယ် လို့ ပြောပေမယ့် အခုချိန် ထိ တော့ ဘယ်လို အကူအညီ မျိုး မှ ရောက် မလာ သေးပဲ စားရေး သောက်ရေး ဒုက္ခ ရောက် နေ ရ တယ် လို့ ဒေါ်သီတာဝင်း က ပြောပါတယ်။

ကန့်ဘလူ အောက်ပိုင်း စန္ဒယား ရွာ နဲ့ ပတ်ဝန်းကျင် ရွာ တွေ မှာ ဆိုလည်း ဆည် တွေ က ရေ လျှံ လို့ ပြောင်းခင်း ဧက ၃၀၀ ကျော် ရေမြုပ် နေပြီး နှမ်းခင်း တွေ လည်း ပျက်စီး ကုန် တယ် လို့ ရွာခံ တစ်ဦး က ပြောပါတယ်။

ဘုတလင် ဘက် က သစ်ခဲဆည် လည်း စနေ ည သန်းခေါင်းယံ ကျော် မှာ ကျိုး သွားပြီး ရွာတစ်ရွာ ရေမြုပ် သွား ပေမယ့် အခုတော့ ရေပြန် ကျသွား ပြီ လို့ အဲဒီ့ နေရာ ကို ရောက် နေတဲ့ စစ်ကိုင်းတိုင်း လူမှု ရေး ဝန်ကြီး ဒေါက်တာမြင့်သိန်း က ပြောပါတယ်။

အခုလို စစ်ကိုင်းတိုင်း အထက် ပိုင်း မှာ မိုးရေ ချိန် ၈ လက်မ ကျော် ရွာပြီး အခုလောက် ပမာဏ အတိုင်း အတာ ထိ ရေကြီး နေတာ မျိုး ဟာ မကြုံ စဖူး ဖြစ်တယ် လို့ ဒေသခံ တွေ က ပြောနေ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ