စစ်​တပ် နိုင်ငံ​ရေး​ထဲ​က ဘယ်​တော့ ထွက်​မ​လဲ မှန်းရခက်

  • 21 ဇူလိုင် 2015
_min_aung_hlaing
Image caption ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ တိုင်းရင်းသား အရေး အပါအဝင် နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှု တွေ လုပ်ဆောင် တဲ့ အခါ ရင်ဆိုင် နေရတဲ့ အခက် အခဲ တွေ အများကြီး ရှိ။

တိုင်းပြည် အခြေအနေ ဟာ ပြည်သူ လူထု အတွက် အာမခံချက် ရှိတဲ့ အနေ အထား ကို ရောက် ရင် တပ်မတော် အနေနဲ့ နိုင်ငံရေး ထဲ မှာ မပါဝင် တော့မှာ ကို အာမခံ တဲ့ အကြောင်း ဗိုလ်ချုပ်မှုးကြီး မင်းအောင် လှိုင် က ဘီဘီစီ နဲ့ သီးသန့် တွေ့ဆုံ ခန်း မှာ ပြောခဲ့ ပါတယ်။

ဒါပေမယ့် ဘယ်တော့လဲ ဆိုတဲ့ အချိန်ကာလ အတိုင်း အတာ ကို ပြောရ ခက်ပြီး တိုင်းပြည် အခြေ အနေ ဘယ်လောက် တိုးတက် သလဲ ဆို တဲ့ အပေါ် မူတည် ပြီး နောင် ၅ နှစ်လည်း ဖြစ်နိုင် တယ် ၁၀ နှစ် လည်း ဖြစ်နိုင် တယ် လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ဆက် ပြော ခဲ့ ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ တိုင်းရင်းသား အရေး အပါအဝင် နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှု တွေ လုပ်ဆောင် တဲ့ အခါ ရင်ဆိုင် နေရတဲ့ အခက် အခဲ တွေ အများကြီး ရှိတယ် လို့ လည်း ဗိုလ်ချုပ်မှုးကြီး က ဆိုပါတယ်။

မြန်မာ စစ်တပ် ရဲ့ နိုင်ငံရေး ထဲ မှာ ရာနှုန်းပြည့် ပါဝင် ပတ်သက် နေမှု ကို ပြန်လည် ဆွဲနှုတ် ဖို့ရာ ဗိုလ်ချုပ်မှုးကြီး မင်းအောင် လှိုင် အနေနဲ့ လွယ်ကူ မှာ မဟုတ် ဘူး ဆိုပြီး တော့ မြန်မာ သတင်းပညာ သိပ္ပံ က သင်တန်း ညွှန်ကြားရေးမှူး နဲ့ သတင်းစာ ဆရာ ဦးစိန်ဝင်း က သုံးသပ် ပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မှာ သန့်ရှင်း မျှတ မှု ရ စေမယ်၊ ထွက်ပေါ် လာတဲ့ ရလာဒ် ကို လေးစား မယ် ဆိုပြီး တော့ လည်း စစ်တပ် အကြီးအကဲ က ပြောဆို ခဲ့ ပါတယ်။

သန့်ရှင်း မျှတ ရမယ် ဆိုတဲ့ အချက် နဲ့ ပတ်သက်ပြီး တော့ သတင်းစာ ဆရာ ဦးစိန်ဝင်း က မြန်မာ စစ်တပ် ထဲ က တပ်မှုး တွေ ဟာ အမျိုးသား ရေး ဝါဒ ဘက်ကို တိမ်းညွတ် ပြီး ယုံကြည် မှု တစ်ခု အသွင် စွဲ ကိုင် ထားသူ တွေ ဖြစ် တယ် ဆိုတဲ့ အချက် ကို ထောက် ပြပြီး ဒါဟာ နိုင်ငံရေး ဘက်လိုက် မှု တွေ ဖြစ်လာ အောင် လှုံဆော် စေနိုင် တဲ့ အကြောင်း တစ်ခု ပဲ လို့ ဆိုပါတယ်။

ဒါပေမယ့် တပ်ချုပ် ရဲ့ ပါးစပ် ကနေတော့ ဘယ် ပါတီ ကို မဲထည့် ပါ ဆိုပြီး ပေါ်ပေါ်ထင် ထင် ပြောဆို ဘက် လိုက် တာမျိုး မရှိသေး ဘူး လို့လည်း ဦးစိန်ဝင်း က ပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အပြီး စစ်တပ် က အနိုင်ရ ပါတီ ကို အာဏာ လွှဲ မပေး ခဲ့တဲ့ ဖြစ်ရပ် ကို မြန်မာ့ နိုင်ငံရေး လေ့လာ သူတွေ က ထောက်ပြ ပြီး အခု တစ်ကြိမ် စစ်တပ် အကြီးအကဲ က ပြော လာတဲ့ ရွေးကောက်ပွဲ ရလာဒ် ကို လေးစား မယ် ဆိုတဲ့ ကတိကဝတ် အပေါ် ဘယ်လောက် တည် နိုင် မလဲ ဆိုတာ ကို မေးခွန်း ထုတ် ကြ ပါတယ်။

မြန်မာ စစ်တပ် နဲ့ အာဏာရ အသိုင်း အဝိုင်း အုပ်စုတို့ အကြား ဆက်စပ်မှု က ကြီးမား နေတာ မို့ ဗိုလ်ချုပ်မှုးကြီး မင်းအောင် လှိုင် အနေနဲ့ ဆုံးဖြတ်ချက် တွေ ကို ချမှတ် ရတဲ့ အခါ ဘယ်လောက် လွတ်လွတ်လပ်လပ် ပြုလုပ် နိုင်မလဲ ဆိုတဲ့ အပေါ် စိန်ခေါ် မှု တွေ ရှိနိုင် ကြောင်း ဦးစိန်ဝင်း က သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ