၈၈ ကိုကိုကြီး NLD ပါတီကနေ ဝင်အရွေးခံမယ်

  • 21 ဇူလိုင် 2015
U Ko Ko Gyi joins NLD
Image caption ၈၈ အရေးတော်ပုံ ကတည်းက လက်တွဲ လာခဲ့သူတွေ စုစည်းဖို့ လိုတယ်လို့ဆို

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းက ဦးကိုကိုကြီးက NLD အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အများပြည်သူက လိုလားတဲ့ အတွက် NLD ပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲဟာ နိုင်ငံရေး အပြောင်း အလဲ အတွက် အရေးပါတယ်လို့ ယုံကြည်ပြီး ဒီမိုကရေစီ အင်အားစုတွေနဲ့ ၈ လေးလုံး လူထု အုံကြွမှု ကာလက စတင် လက်တွဲ လှုပ်ရှားခဲ့ကြတဲ့ အင်အားစုတွေ စုစည်း ဝင်ရောက်ဖို့ လိုတယ်လို့ ယူဆတဲ့ အတွက် NLD ပါတီမှာ ပါဝင် အရွေးခံမှာ ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။

လွှတ်တော်မှာ နိုင်ငံရေး ကိုယ်စားပြုမှု အားနည်းနေတဲ့ အချိန်၊ နိုင်ငံရဲ့ ပြဿနာ အဝဝကို လွှတ်တော် တစ်ခု တည်းနဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်သေးတဲ့ အချိန်ဖြစ်တာကြောင့် သူ့အနေနဲ့ လွှတ်တော် နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်တာ ဖြစ်ပေမဲ့ ကျန်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းက လုပ်ဖော် ကိုင်ဖက်တွေက လွှတ်တော်ပြင်ပ နိုင်ငံရေး လမ်းကြောင်းမှာ ဆက်ရှိနေမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လွှတ်တော် နိုင်ငံရေး လမ်းကြောင်းကို သွားမယ်လို့ အရင်ကတည်းက ပြောနေတာ ကြားရပေမဲ့ အန်အယ်လ်ဒီ ပါတီကနေ ဝင်အရွေးခံဖို့ အခုလို ဆုံးဖြတ်ဖြစ်တာနဲ့ ပါတ်သက်လို့ ဦးကိုကိုကြီးကို မေးကြည့်ရာမှာတော့ NLDနဲ့ ၈၈ မျိုးဆက်တွေဟာ အတူတူပဲ ဖြစ်ပြီး NLD မှာ ပါဝင်နေကြသူတွေဟာ ၈၈ မျိုးဆက်က ရဲဘော်တွေ၊ သပိတ် ခေါင်းဆောင်တွေ ဖြစ်ကြတယ်လို့ သူက ပြောပါတယ်။

NLD ပါတီကနေ ဝင် အရွေးခံမယ့် နိုင်ငံရေး သမားတွေနဲ့ ပညာရှင်တွေရဲ့ နာမည်တွေ အခုရက်ပိုင်း အတွင်း ထွက်ပေါ်လာတာ တဲ့အထဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းက ဦးကိုကိုကြီးက ထင်ရှားတဲ့ နိုင်ငံရေး သမား တစ်ယောက် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ