ဖက်ဒရယ်ပြည်ထောင်စုကို ကရင်အမျိုးသားပါတီ လိုလား

  • 22 ဇူလိုင် 2015
_dkba_soldiers ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ပြည်တွင်းစစ် ရပ်ဖို့လည်း KNP က လိုလားတယ် လို့ ပါတီ အထွေထွေ အတွင်းရေးမှုး က ပြော။

အမျိုးသား တန်းတူရေး နဲ့ ကိုယ်တိုင် ပြဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ် ပြည်ထောင် စု ဖြစ် လာ ဖို့ ဆောင် ရွက် သွား မယ် ဆိုပြီး ၂၀၁၅ ရွေးကောက်ပွဲ ဝင် မယ့် ကရင် အမျိုးသား ပါတီ KNP က ပြောလိုက် ပါတယ်။

ကရင် တိုင်းရင်းသား တွေ ရဲ့ လိုလားချက် တွေ ကို ပါတီ က ဖော်ထုတ် ထင်ဟပ် နိုင် စေဖို့ လည်း ကြိုးစား မယ် ဆိုပြီး ကရင် အမျိုးသား ပါတီ ရဲ့ အထွေ ထွေ အတွင်းရေးမှူး မန်းကျော်ငြိမ်း က ဘီဘီစီ ကို ပြောပါတယ်။

ကရင် အမျိုးသား ပါတီ ဟာ ရန်ကုန် မှာ ရုံးချုပ် ထားရှိ ပြီး ဧရာဝတီ တိုင်း မြစ်ဝ ကျွန်းပေါ် ဒေသ တွေ ထဲ မှာ စည်းရုံးရေး အင်အား ကို အဓိက အခြေ ပြု ထားတဲ့ ပါတီ ဖြစ် ပါတယ်။

ပန်းတနော်၊ ကျောင်းကုန်း၊ အိမ်မဲ၊ မြောင်းမြ၊ ဝါးခယ်မ နဲ့ ညောင်တုန်း မြို့နယ် တွေ ကနေ တိုင်ဒေသကြီး လွှတ်တော် နေရာ တွေ အတွက် ကိုယ်စား လှယ် ၁၀ ယောက် လောက် ဝင်ပြိုင် မှာ ဖြစ်သလို၊ ကျန် ရန်ကုန်တိုင်း နဲ့ ပဲခူး တိုင်း ဒေသကြီး တွေ ထဲ မှာ လဲ ဝင် ရောက် အရွေး ခံ နိုင် ဖို့ ကြိုး စား နေတယ် လို့ မန်းကျော်ငြိမ်း က ဆိုပါတယ်။

KNP ဟာ ၂၀၁၄ အောက်တိုဘာ လ တုန်း က ပါတီ တည်ထောင် ခွင့် တရားဝင် ရ ရှိ ခဲ့ ပြီး ပါတီ သက်တမ်း နု ပျို သေး တဲ့ အတွက် အဖွဲ့ဝင် အင်အား ၃ ထောင် နဲ့ ၅ ထောင် ကြား မှာ ပဲ ရှိ သေးတယ် လို့ မန်းကျော်ငြိမ်း က ပြောပါတယ်။

ဒါပေမယ့် ဒီမိုကရက်တစ် အင်အားစု တွေ အားလုံး နဲ့ လက်တွဲ ဆောင် ရွက် မှာ ဖြစ်ပြီး ကရင် အမျိုးသား ပါတီ ဟာ UNA လို့ ခေါ် တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ ရဲ့ အဖွဲ့ဝင် လည်း ဖြစ်တယ်လို့ မန်းကျော်ငြိမ်း က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ