NCA စာချုပ်မှာ တိုင်းရင်းသားတွေ ပြင်ချင်တဲ့ ၄ ချက် သဘောတူပြီ

  • 22 ဇူလိုင် 2015
Peace Talks MPC Photo ဓာတ်ပုံ မူပိုင် MPC Photo
Image caption ရန်ကုန် ငြိမ်းချမ်းရေး စင်တာမှာ ဇူလိုင်လ ၂၂ ရက်နေ့က ဆွေးနွေးပွဲ( MPC photo)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် အပြီးသတ်ရေး အတွက် အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေး ကော်မတီနဲ့ တိုင်းရင်းသား အဆင့်မြင့် ကိုယ်စားလှယ် ခေါင်းဆောင်တွေ ဇူလိုင်လ ၂၂ ရက်က ရန်ကုန်မြို့မှာ စတင် တွေ့ဆုံ ဆွေးနွေး ခဲ့ရာမှာ အချက် တချို့ကို ပထမနေ့မှာ သဘောတူညီ နိုင်ခဲ့ကြ ပါတယ်။

လော်ခီးလာတိုင်းရင်းသား ထိပ်သီးညီလာခံက ဆုံးဖြတ်ထားတဲ့ တိုင်းရင်းသားတွေဘက်က ထပ်မံ ပြင်ဆင်ဖို့ရှိတဲ့ အချက် ၁၃ ချက်ထဲက ၆ ချက်ကို ဆွေးနွေးခဲ့ပြီး ၄ ချက် သဘောတူနိုင် ခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်နေ့ ဇူလိုင် ၂၃ ရက်မှာတော့ လက်မှတ်ရေးထိုးတဲ့ အခါ တိုင်းရင်းသားနဲ့ အစိုးရဘက်က ဘယ်သူတွေ ပါဝင် လက်မှတ် ရေးထိုးမယ် ဆိုတာနဲ့ တိုင်းရင်းသားတွေ ဘက်က ပြောနေတဲ့ နိုင်ငံတကာ သက်သေတွေ လက်မှတ်ထိုးရေး တို့ကို ဆွေးနွေးကြမယ်လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

တိုင်းရင်းသားလက် နက်ကိုင်တွေနဲ့ အစိုးရကြားမှာ အပစ်ရပ်ရေး အတွက် အခုလိုဆွေးနွေး လာတာ ၁၈ လကြာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ ကတော့ မူကြမ်း တစ်ခုကို သဘော တူလိုက် နိုင်ခဲ့ပါတယ်။

အဲဒီနောက် ကေအန်ယူ နယ်မြေ လော်ခီးလာမှာ ကျင်းပတဲ့ တိုင်းရင်းသား ထိပ်သီး ညီလာခံ မှာ အဲဒီမူကြမ်းကို အချက် ၁၃ ချက် ပြင်ဆင်ဖို့ တိုင်းရင်းသားတွေက အဆိုပြု လာခဲ့ ပါတယ်။

အစိုးရ ဘက်က တိုင်းရင်းသား တွေနဲ့ ဆွေးနွေးရာမှာ မူတစ်ခုတည်း ဆွေးနွေးသွားမှာ ဖြစ်ပြီး လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အစိုးရအတွက် အချိန် အကန့်အသတ် ရှိတယ်လို့ ဝန်ကြီး ဦးအောင်မင်းကပြောပါတယ်။

တိုင်းရင်းသားတွေ ဘက်ကတော့ ဒီစာချုပ်ဟာ နိုင်ငံရေး အာမခံချက် ရှိဖို့နဲ့ အစိုးရရဲ့ ရှမ်းပြည် မြောက်ပိုင်းနဲ့ ကချင် ထိုးစစ်တွေ အရှိန်လျှော့ဖို့ ပြောပါတယ်။

နောက်နေ့ မှာတော့ ကိုးကန့်၊ တအာင်းနဲ့ ရခိုင် အဖွဲ့တွေပါ အားလုံး ပါဝင်လက် မှတ်ထိုးရေး အချက်ကို ဆက်လက်ဆွေးနွေးကြဖို့ ရှိပါတယ်။