ကျားဖြူက အမတ်လောင်းတွေ ပါတီပြောင်းခွင့်မပြု

sndp_flag
Image caption ကိုယ်စားလှယ်လောင်း ၂၀၀ ကျော်နဲ့ ဝင်ပြိုင်မယ့် ကျားဖြူပါတီ

ကျားဖြူပါတီလို့ အသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဟာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ဝင်ပြိုင်မှာဖြစ်တယ်လို့ ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

တောင်ကြီးမြို့မှာ ဇူလိုင်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ တွေ့ဆုံပွဲမှာ ကိုယ်စားလှယ်လောင်းတွေဟာ ပါတီအကူးအပြောင်း မလုပ်ရဘူးဆိုတာ ခံဝန်ကတိ ပေးခဲ့ ရတယ်လို့ သိရပါတယ်။

ဦးစိုင်းအိုက်ပေါင်း ကတော့ လာမယ့် ရွေးကောက်ပွဲမှာ ပါတီ တစ်ခုတည်းက အပြတ်အသတ် အနိုင်မရနိုင်ဘူးလို့ သူတို့ တွက်ချက်ထားတဲ့အတွက် ရွေးကောက်ပွဲအပြီးမှာ 'လွှတ်တော်ကိုယ်စားလှယ် အရောင်းအဝယ် လုပ်တာမျိုး' ဖြစ်မလာရအောင် သူတို့ ပါတီအနေနဲ့ ကြိုတင် ကာကွယ်ထား ရတာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကျားဖြူပါတီဟာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး နဲ့ မန္တလေးတိုင်း ဒေသကြီးတို့မှာ ပြည်နယ်လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေအတွက် ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။

ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ရှမ်းပြည်နယ်ကျောက်မဲ မြို့နယ် မဲဆန္ဒနယ်မှာ အမျိုးသားလွှတ်တော်နဲ့ ဒုတိယဥက္ကဌ ဦးစိုင်းဆောင်ဆီက ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေမှာ ဝင်ရောက် အရွေးခံ ကြမယ်လို့ သိရပါတယ်။