၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ အလားအလာ

  • 24 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် EPA
Image caption အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်ဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ် ၅၀ နီးပါး စစ်တပ်ရဲ့ အုပ်ချုပ်မှုကို နိဂုံးချုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အရပ်သားအစိုးရ တက်လာခဲ့ပြီးတဲ့နောက် ပထမဆုံး ဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်ဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

နောက်တက်မယ့်သမ္မတ ဘယ်သူဖြစ်မလဲ၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီပါတီက ဘယ်လိုဖြစ်မလဲ ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့အပေါ် ရန်ကုန်က ဘီဘီစီသတင်းထောက် Jonah Fisher က အဓိကအချက်တွေကို အခုလို ရှင်းလင်းတင်ပြထားပါတယ်။

ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလား

ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အတော်စိုးရိမ်စရာကောင်းတဲ့ ချို့ယွင်းချက် တချို့ရှိလိမ့်မယ်လို့ လူတိုင်းက ယူဆကြပါတယ်။ ရွေးကောက်ပွဲဟာ အတော်လေး လွတ်လပ် တရားမျှတပြီး ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟတ်စေလိမ့်မယ်လို့ လေ့လာသူအတော်များများကလည်း တကယ်တန်း မျှော်မှန်းထားကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရင်ကထက် ပိုတိုးတက်ကောင်းမွန် လာလိမ့်မယ်လို့ ယူဆရပါတယ်။

စကတည်းက ချောချောမွေ့မွေ့တော့ မဟုတ်လှပါဘူး။ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းတွေ ထုတ်ပြန်တဲ့အခါ မပြည့်မစုံနဲ့ အမှားအယွင်း အများကြီးရှိနေတာ တွေ့ရပါတယ်။ သေဆုံးသူတွေရဲ့ နာမည်တွေ မဲစာရင်းထဲ ပါနေပြီး သက်ရှိထင်ရှားရှိသူတွေက စာရင်းထဲ မပါတာမျိုး ဖြစ်နေပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာ ရွေးကောက်ပွဲမဝင်ဘဲ လွှတ်တော်ထဲမှာ နေရာယူမှာ ဖြစ်ပြီး သူတို့အနေနဲ့ အခြေခံဥပေဒေ ပြုပြင်ပြောင်းလဲရေးတွေကို ပယ်ချနိုင်ခွင့်ရှိနေပါတယ်။

ဒါဟာ ဗိုလ်ချုပ်ကြီးတွေ ရွေးတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဆိုတာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာနိုင်ငံ ဒေသအတော်များများမှာ အန်အယ်လ်ဒီ ရေပန်းစားနေဆဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကို ဘယ်လောက်လူကြိုက်များသလဲ

ပြောရတာ ခက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ အပေါ် လူထုကြိုက်နှစ်သက်မှု ဆိုတာကို လူထုဆန္ဒစစ်တမ်း အသေအချာမရှိတဲ့အတွက် ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်စဉ်နှစ်ရပ်ကိုသာကြည့်ပြီး အကဲဖြတ်ရမှာ ဖြစ်ပါတယ်။

၉ဝခုနှစ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက လွှတ်တော်မဲဆန္ဒနယ် ၄၉၂ နေရာ သတ်မှတ်ထားတာမှာ ၃၉၂ နေရာမှာ၊ တနိုင်ငံလုံးရဲ့ ၅၂.၅ ရာခိုင်နှုန်းနဲ့ မဲအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အန်အယ်လ်ဒီက လစ်လပ် မဲဆန္ဒနယ် ၄၅ နေရာမှာ ၄၃ နေရာ ရရှိခဲ့ပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ မဲဆန္ဒနယ်တွေဟာ ဗမာတိုင်းရင်းသား အများစု နေထိုင်ရာ နေရာတွေက ဖြစ်တာကြောင့်္ အန်အယ်လ်ဒီအတွက် အဆင်ပြေခဲ့ပါတယ်။

ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိတဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုမှုတွေရှိခဲ့ပေမယ့် ဒီအတွက်တော့ မဲပေးမယ့်သူတွေရဲ့ ဆန္ဒကို ထိခိုက်မှုမရှိနိုင်ပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေဟာ ၂၀၁၂ ထက် လျော့သွားဖို့ မရှိနိုင်ပါဘူး။

ဓာတ်ပုံ မူပိုင် EPA
Image caption တိုင်းရင်းသားဒေသတွေမှာ အန်အယ်လ်ဒီ မဲရဖို့လိုအပ်

အပြတ်အသတ် အနိုင်ရနိုင်သလား

မြန်မာနိုင်ငံလို အနိုင်ရ မဲဆန္ဒနယ်အရေအတွက်နဲ့ ဆုံးဖြတ်တဲ့ ရွေးကောက်ပွဲမျိုးမှာ အပြတ်အသတ် အနိုင်ရရှိဖို့ဆိုတာ ဖြစ်နိုင်ချေများပါတယ်။

၁၉၉၀ ရွေးကောက်ပွဲကိုကြည့်ရင် အန်အယ်လ်ဒီပါတီဟာ မဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်းလောက်ကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ နဲ့ မတူတာက ဒီနှစ်မှာ ပြိုင်ရမယ့် မဲဆန္ဒနယ်ဟာ ၂ မျိုးရှိနေပါတယ်။ တခုက ဗမာအများစု နေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်း၊ တောင်ပိုင်းနဲ့ တစ်ခုက တိုင်းရင်းသား လူနည်းစုတွေ နေထိုင်ရာ နယ်စပ်တလျှောက် ဒေသတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ဗမာအများစု နေထိုင်ရာ တိုင်းဒေသကြီး ၇ ခုမှာ အန်အယ်လ်ဒီအနေနဲ့ အပြတ်အသတ် အနိုင်ရရှိနိုင်ပြီး လွှတ်တော်တခုလုံးရဲ့ ၄၄ ရာခိုင်နှုန်း အမတ်နေရာ ၂၉၁ နေရာထိတောင် ရရှိနိုင်မှာဖြစ်ပါတယ်။ လက်ရှိအာဏာရ ကြံခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ အနည်းငယ်သာ အနိုင်ရရှိဖို့ အခြေအနေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီအနေနဲ့ အများစုအသာနဲ့ မနိုင် နိုင်ပါဘူး။

ဒါကြောင့် အဓိက မဲယှဉ်ပြိုင်ရမယ့်နေရာတွေက အမတ်နေရာ ၂၀၇ နေရာ ၃၁ ရာခိုင်နှုန်း လောက်ရှိမယ့် တိုင်းရင်းသားလူမျိုးစု ပြည်နယ်တွေမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည်နယ်တွေမှာ ကိုယ်စားလှယ်နေရာ အများဆုံး အနိုင်ရရှိဖို့ သေချာသလောက်ရှိပါတယ်။

ဒါပေမယ့် အန်အယ်လ်ဒီဟာ ပြည်နယ်တွေမှာ အနည်းအကျဉ်း အနိုင်ရရှိခဲ့ရင်တောင် အများစုအသာရနိုင်မယ့် အခွင့်အလမ်းရှိစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဒီအရေးကြီးတဲ့အချက်ကိုသိရှိတဲ့အတွက် ပြီးခဲ့တဲ့နှစ်အတွင်းမှာ တိုင်းရင်းသားဒေသတွေကို မကြာခဏ ခရီးလှည့်လှည်ခဲ့ပါတယ်။

ဒါပေမယ့် အထူးသဖြင့် ဗမာတွေ နေထိုင်ရာဒေသတွေမှာ သဘောထားတင်းမာတဲ့ မဘသ လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ ဘာသာရေး လှုပ်ရှားမှုကြောင့် မဲရရှိမှုကို ဘယ်လောက် ထိခိုက်မယ်ဆိုတာ မသိနိုင်ပါဘူး။

အမျိုးဘာသာကို အစ္စလမ်ဘာသာရဲ့ အန္တရာယ်ကနေ ကာကွယ်ရမယ်၊ အန်အယ်လ်ဒီပါတီဟာ မွတ်ဆလင်တွေရဲ့ ပါတီ ဆိုပြီး ပြောဆိုလှုပ်ရှားနေတဲ့ အဲဒီအမျိုးသားရေး လှုပ်ရှားမှုတွေ လုပ်နေခဲ့တာ ၁ နှစ်ခွဲ ၂ နှစ်လောက်ရှိနေပါပြီ၊ အဲဒီလို ပြောဆိုမှုတွေနဲ့ လူထုကို စည်းရုံးနေတာကြောင့် သူတို့ လှုပ်ရှားမှုအပေါ် လူတွေ ဘယ်လောက် လက်ခံတယ် မခံဘူးဆိုတာ ဒီရွေးကောက်ပွဲက စမ်းသပ်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ ဦးသိန်းစိန်ဟာ တပ်မတော်ကတင်မယ့် သမ္မတလောင်း ဖြစ်ဖို့ များနေပါတယ်

သမ္မတ ဘယ်လိုရွေးမလဲ

ဒီရွေးကောက်ပွဲက တိုက်ရိုက်ရွေးတာ မဟုတ်ပါဘူး။ လွှတ်တော်ကနေ သမ္မတ ရွေးချယ်ဖို့အတွက် ၂၀၀၈ ခုနှစ် အခြေခံဥပေဒေမှာ ပြဌာန်းထားတာက ရှုတ်ထွေးလှပါတယ်။ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလထဲမှာ လုပ်မှာဖြစ်ပေမယ့် သမ္မတ ရွေးချယ်တင်မြောက်တာကတော့ မတ်လ ၂၀၁၆ ခုနှစ်လောက်မှာမှ ဖြစ်နိုင်ချေရှိပါတယ်။

ဖွဲ့စည်းပုံအရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ ၃ ဖွဲ့နဲ့ သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက တစ်ဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက တစ်ဖွဲ့၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ပါဝင်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက တစ်ဖွဲ့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ ၃ ဖွဲ့ကနေ တစ်ဖွဲ့ကို ဒု-သမ္မတ တစ်ယောက်စီ တင်နိုင်တယ်လို့ ဆိုထားပါတယ်။

တစ်ဖွဲ့စီတင်လာတဲ့ ဒု-သမ္မတ ၃ ယောက်ထဲက ပြန်ပြီးတော့ ၁ ယောက် ရွေးရမှာဖြစ်ပါတယ်။ အဲဒီလို ဒု-သမ္မတအဖြစ် အဆိုတင်သွင်းလိုက်တဲ့ ပုဂ္ဂိုလ်တဦးချင်းစီကို လွှတ်တော်ကိုယ်စားလှယ်ထဲကဖြစ်စေ၊ လွတ်တော်ကိုယ်စားလှယ် မဟုတ်သူထဲကဖြစ်စေ တင်သွင်းခွင်ရှိတယ်လို့ ဆိုထားပါတယ်။

အဲဒီ ၃ ယောက်ထဲကမှ ပြည်ထောင်စုလွှတ်တော်က မဲပေးတင်မြှောက်သူဟာ သမ္မတအဖြစ် အရွေးခံရပြီး ကျန် ၂ ဦးက ဒု-သမ္မတတွေအဖြစ် ရှိနေမှာ ဖြစ်ပါတယ်။

တကယ်လို့ အန်အယ်လ်ဒီက နောက်သမ္မတသစ်ကို တင်နိုင်ဖို့ဆိုရင် သူတို့ရဲ့ သမ္မတလောင်းကို ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးရဲ့ထောက်ခံမဲ အများဆုံးရဖို့ လိုအပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်သလား

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အန်အယ်လ်ဒီပါတီကို ဦးဆောင်နိုင်ပေမယ့် သမ္မတ မဖြစ်နိုင်ပါဘူး။

အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ သမ္မတ ဖြစ်ခွင့်ဆိုင်ရာ ပုဒ်မ ၅၉ (စ) မှာ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိရဲ့ မိဘတပါးပါးသော်လည်းကောင်း၊ မိမိရဲ့ ဇနီး၊ သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိရဲ့ တရားဝင် သားသမီးတဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတဦးဦးရဲ့ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရရဲ့ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရရဲ့ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါးရဲ့ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရရဲ့ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါးရဲ့ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနဲ့ ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပြဋ္ဌာန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်စလုံးဟာ ဗြိတန်နိုင်ငံသားတွေ ဖြစ်ကြတဲ့အတွက် ဒီဥပဒေနဲ့ ညှိစွန်းနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲမှာ လုံးလုံးလျားလျား အနိုင်ရခဲ့ရင်တောင် သမ္မတ မဖြစ်နိုင်ပါဘူး။ ဒီပုဒ်မ ၅၉ (စ) ကို ပြင်ဆင်မယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေက ပိတ်ပင်တားမြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ဒီဥပဒေကို မပြင်နိုင်သရွေ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ မှာ သမ္မတ မဖြစ်နိုင်ပါဘူး။

ဓာတ်ပုံ မူပိုင် AFP
Image caption ဦးရွှေမန်း သမ္မတဖြစ်နိုင်ချေရှိ

ဒေါ်အောင်ဆန်းစုကြည် မဟုတ်ရင် ဘယ်သူသမ္မတ ဖြစ်နိုင်သလဲ

ဒီကိစ္စနဲ့ပတ်သက်ပြီး ကောလဟာလတွေ အတော်ထွက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိပြည်ထောင်စုလွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းတို့အကြား သဘောတူညီမှု တစ်ခု ရခဲ့တယ်ဆိုပြီး ယူဆခဲ့ကြပါတယ်။

ဦးရွှေမန်းဟာ အရင်က ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပြီး အခု အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်မှာတော့ ဦးရွှေမန်းက တပ်မတော်နဲ့ ခပ်ခွာခွာနေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လိုလားထောက်ခံတဲ့ လုပ်ငန်းအစီအစဉ် လမ်းကြောင်းတွေကို ပုံဖော်ခဲ့ပါတယ်။

အဲဒီ သဘောတူညီချက်ဟာ ဦးရွှေမန်းသမ္မတ ဖြစ်ရေးအတွက် အန်အယ်လ်ဒီက ထောက်ခံပံ့ပိုးမှုပေးတာ ဖြစ်နိုင်သလို အပြန်အလှန်အားဖြင့် ဦးရွှေမန်းကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှုတွေကနေတဆင့် စစ်တပ်ရဲ့အာဏာကို လျော့ပါးစေပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအရွေးခံနိုင်ခွင့်ရှိအောင် ကြိုးစားနိုင်ပါတယ်။

ဒါဟာလည်း ပြဿနာကို ဖြစ်နိုင်ပါတယ်၊ တကယ်လို့ ပြည်ခိုင်ဖြိုးပါတီက အများမျှော်လင့်ထားသလို ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် ရှုံးခဲ့ရင် ဦးရွှေမန်းရဲ့ သမ္မတဖြစ်ရေး အရာမထင်ဖြစ်သွားပါလိမ့်မယ်။

ဒါပေမယ့်လည်း ဒါသာ အဖြစ်နိုင်ဆုံး နည်းလမ်းလို့ အများက မြင်ကြပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အန်အယ်လ်ဒီတို့ ပူးပေါင်းမယ်ဆိုရင် တည်ငြိမ်အေးချမ်းမှု နဲ့ လိုအပ်နေတဲ့ ကျွမ်းကျင်မှုတွေ နားလည်မှုတွေကို ဆက်လက် ထိန်းသိမ်းသွားနိုင်လိမ့်မယ်လို့ ယူဆကြပါတယ်။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရှိဘူးဆိုရင် သူ့ရဲ့ပါတီထဲမှာ သမ္မတ ဖြစ်နိုင်တဲ့လူ တယောက်မှ မရှိဘူးဆိုတဲ့ ယူဆချက်တွေလည်း စောစောပိုင်းက ရှိနေခဲ့ပါတယ်။

ဒါပေမယ့် အခုတော့ အန်အယ်လ်ဒီက သူတို့ပါတီဝင်တွေထဲက သမ္မတလောင်း အမည်တင်သွင်းသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာလည်း ပရိယယ်တခု ဖြစ်နိုင်ပေမယ့် သမ္မတလောင်း အမည်နှစ်ခု ပေါ်ထွက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption အန်အယ်လ်ဒီရဲ့ သမ္မတလောင်း အမည်တင်သွင်းခံရသူအဖြစ် ဦးတင်ဦး နာမည်ထွက်လာ

ပထမ တစ်ဦးကတော့ ထိုင်းနိုင်ငံဘုရင်ထက် ၉ လကြီးပြီး ဗြိတိန်ဘုရင်မ အဲလက်ဇဘက်ထက် ၁ နှစ်ငယ်သူ အသက် ၈၉ နှစ်ရှိပြီ ဖြစ်တဲ့ ဦးတင်ဦး ဖြစ်ပါတယ်။

ဦးတင်ဦးဟာ မြန်မာ့တပ်တော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းဖြစ်ပြီး အန်အယ်လ်ဒီပါတီ စတင် တည်ထောင်ရာမှာပါဝင်ခဲ့တဲ့ ပါတီဝင်တစ်ဦးဖြစ်ပါတယ်။ သူ့အသက်အရွယ်နဲ့ မလိုက်အောင် ထက်မြက်သူတစ်ဦးဖြစ်ပေမယ့် သူ့နာမည် ထွက်ပေါ်လာကတည်းက သူက စိတ်မဝင်စားပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

နောက်ထပ် နာမည်တင်သွင်းခံရသူ တစ်ဦးကတော့ အသက် ၇၄ ရှိပြီဖြစ်တဲ့ စစ်ဘက်အရာရှိဟောင်း တဦးဖြစ်သူ ဦးဝင်းထိန်ဖြစ်ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် ယုံကြည်စိတ်ချရသူတဦးဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့ ကျန်းမာရေး အခြေအနေ သိပ်မကောင်းလှဘူးလို့ သိရပါတယ်။

ဒါပေမယ့် သူတို့ သမ္မတ ဖြစ်မဖြစ်ဆိုတာ အန်အယ်လ်ဒီပေါ် မူမတည်ဘဲ လွှတ်တော်မှာ မဲ သုံးပုံတစ်ပုံရရုံနဲ့ သမ္မတ ရွေးချယ်ခွင့်ရှိနေတဲ့ ၂၅ ရာခိုင်နှုန်းနေရာယူထားတဲ့ စစ်တပ်ကိုယ်စားလှယ်တွေပေါ်မှာပဲ မူတည်မှာ ဖြစ်ပါတယ်။

ဒီတော့ အများအားဖြင့် တပ်မတော်က တင်တဲ့ သမ္မတလောင်းပဲ သမ္မတဖြစ်လာမယ့် သဘောရှိပါတယ်။ အခု လက်ရှိသမ္မတ ဦးသိန်းစိန်ဟာ တပ်မတော်ကတင်မယ့် သမ္မတလောင်း ဖြစ်ဖို့ များနေပါတယ်။ သူ့အနေနဲ့ အမတ်အနေနဲ့ အရွေးခံမှာမဟုတ်ဘဲ သူ့ကိုတောင်းဆိုလာရင် သမ္မတရာထူးပြန်လည်လက်ခံဖို့ ရှိတယ်ဆိုတာ အရိပ်လက္ခဏာတွေ ပြသနေပါတယ်။

တခြားဖြစ်နိုင်ချေ ရှိတာကတော့ လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်ပါတယ်။ သူဟာ နိုင်ငံရေးထဲဝင်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

သမ္မတအာဏာ ဘယ်လောက်ရှိသလဲ

အဓိက လုံခြုံရေးနဲ့ပတ်သက်တဲ့ ဝန်ကြီးဌာနတွေဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေကို သမ္မတက ရွေးချယ်တာမဟုတ်ဘဲ စစ်တပ်အကြီးအကဲက ရွေးချယ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ထောက်ခံမှုမပါဘဲ အခြေခံဥပဒေကို ပြင်ဆင်ဖို့လည်း မဖြစ်နိုင်ပါဘူး။

လွန်ခဲ့တဲ့ ၅ နှစ်က ပဓာနကျတဲ့ အချက်တစ်ချက်ကတော့ အရေးကြီးတဲ့ နိုင်ငံရေး အင်အားစုကြီးအဖြစ် လွှတ်တော် ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။

အခုရွေးကောက်ပွဲ ပြီးရင်တော့ လွှတ်တော်ဟာ ခိုင်ခိုင်မာမာနဲ့ ဩဇာအာဏာ ပိုရှိလာမှာဖြစ်ပြီး သမ္မတရဲ့ဆန္ဒကို ချမှတ်ထားတဲ့ဥပဒေတွေအရ ဆန့်ကျင်သွားနိုင်မယ့် အာဏာလည်း ရှိလာမှာဖြစ်ပါတယ်။