အပစ်ရပ်စာချုပ် အပြီးသတ် သဘော မတူနိုင်သေး

  • 24 ဇူလိုင် 2015
Peace Talks ဓာတ်ပုံ မူပိုင် MPC
Image caption အစိုးရနဲ့ တိုင်းရင်းသား တွေကြား ၂၀၁၅ ဇူလိုင်လ ဆွေးနွေးပွဲ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် အချောသတ် နိုင်ဖို့ အစိုးရနဲ့ တိုင်းရင်းသား အဆင့်မြင့် ကိုယ်စားလှယ်တွေရဲ့ ၃ ရက်ကြာ ဆွေးနွေးမှုတွေမှာ အပြီးသတ် သဘောတူညီမှု မရသေးဘဲ ဇူလိုင်လ ၂၄ ရက်နေ့က ရပ်နားလိုက်ပါတယ်။

စာချုပ်မူကြမ်းမှာ လော်ခီးလာ ညီလာခံကနေ ပေါ်ထွက်လာခဲ့တဲ့ တိုင်းရင်းသားတွေ ပြင်ဆင်ချင်တဲ့ ၁၃ ချက် ထဲမှာ ပထမ နှစ်ရက်က ဆွေးနွေးလို့ မပြီးပြတ်သေးတဲ့ အချက် ၃ ချက်ကို ဇူလိုင်လ ၂၄ ရက်နေ့က ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ ၁၃ ချက်ထဲမှာ ၅ ချက်ကို အချောသတ် အတည်ပြုခဲ့ပြီး ကျန်တဲ့ ၅ ချက်ကိုတော့ အစည်း အဝေး မှတ်တမ်းမှာ ထားရှိဖို့ နှစ်ဖက် သဘောတူညီခဲ့ကြ ပါတယ်။

ဆက်လက် ဆွေးနွေးဖို့ ကျန်နေတဲ့ အချက်တွေကတော့ အပစ်ရပ် လက်မှတ် ရေးထိုးတဲ့ အခါ လက်နက်ကိုင် တပ်တွေ အားလုံး ပါဝင်ဖို့၊ လက်မှတ်ထိုးရာမှာ နှစ်ဘက် ပါဝင်မယ့် ခေါင်းဆောင်တွေနဲ့ အသိသက်သေတွေ ပါဝင်ဖို့ စတာတွေ ဖြစ်ပါတယ်။

ဒီအချက်တွေထဲမှာ အရေး အကြီးဆုံး ဖြစ်တဲ့ အားလုံး ပါဝင်နိုင်ရေး ဆိုရာမှာ တိုင်းရင်းသား လက်နက်ကိုင် များရဲ့ အပစ်ရပ်ရေး ဆိုင်ရာ ညှိနှိုင်းရေး NCCT မှာ ပါတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ ABSDF ကျောင်းသား တပ်မတော်ပါ ပါဝင်မှ လက်မှတ်ရေးထိုးမယ်လို့ တိုင်းရင်းသားတွေ ဘက်က ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတဲ့ အတွက် ဒါမှ မဟုတ် အင်အား နည်းတဲ့ အတွက် လက်မှတ်ရေးထိုးရာမှာ မပါဝင်စေချင်ဖို့ မသင့်ကြောင်းနဲ့ အားလုံး ပါဝင်မှသာ စာချုပ်က ခိုင်မာ မယ်လို့ NCCT အဖွဲ့ဝင် ဆလိုင်း လျန်မုန်းက ပြောပါတယ်။

အစိုးရ ဘက်ကတော့ NCCT မှာပါတဲ့ ၁၆ ဖွဲ့ ထဲက ဝ အဖွဲ့၊ လားဟူ၊ ရခိုင်တပ်မတော် AA၊ ကိုးကန့်အဖွဲ့နဲ့ TNLA အပါအဝင် ၆ ဖွဲ့ကို လက်မှတ်ထိုးရာမှာ မပါဝင်စေဘဲ နိုင်ငံရေး ဆွေးနွေးပွဲ တွေကျမှသာ ပါဝင်စေချင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် သြဂုတ် လဆန်းမှာ နောက်တစ်ကြိမ် ပြန်လည် တွေ့ဆုံကြမှာ ဖြစ်ပြီး စာချုပ်လက်မှတ်ထိုးတဲ့ အခါအားလုံး ပါဝင်နိုင်ရေးနဲ့ အသိသက်သေ အဖြစ် ဘယ်သူတွေ ပါဝင်မယ် ဆိုတာတွေကို ဆက်လက် ဆွေးနွေးကြဖို့ သဘောတူခဲ့ကြ ပါတယ်။

အစည်း အဝေး မှတ်တမ်း ထားရှိဖို့ သဘောတူတဲ့ အချက် တွေကတော့ စစ်ပြေး စစ်ရှောင် ဒုက္ခသည်တွေကိစ္စ၊ နိုင်ငံတကာ အကူအညီကိစ္စ၊ တိုင်းရင်းသား ဒေသတွေမှာ ပညာရေး ကိစ္စ၊ ပူးတွဲ စောင့်ကြည့်ရေး ယန္တရား မှာ ဒေသခံတွေ ပါဝင်ဖို့၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကော်မတီက နိုင်ငံရေး မူဘောင်တွေ အပြင် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကိုပါ ကြီးကြပ် လမ်းညွှန် တာဝန်ခံရမယ်၊ ကြားကာလ ဆောင်ရွက်ရမယ့် အစီအစဉ်တွေမှာ မြေယာနဲ့ သယံဇာတ စီမံခန့်ခွဲရေးကို နှစ်ဖက် ညှိနျိုင်း ဆောင်ရွက် သွားဖို့ ၊ နိုင်ငံရေး ဆွေးနွေးပွဲမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်အောင် နှစ်ဖက်စလုံးက ကြိုးစားဖို့ စတာတွေ ဖြစ်ပြီး စာချုပ်ပါ အချက်တွေနဲ့ အလားတူ လိုက်နာ ဆောင်ရွက် သွားရမှာ ဖြစ်တယ်လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ