ရှမ်းနဲ့ ကချင်မှာ တိုက်ပွဲ တွေဖြစ်

  • 24 ဇူလိုင် 2015
Image caption SSA မြောက်ပိုင်းနဲ့ အစိုးရ အပစ်ရပ် သဘောတူ ထားတာ ရှိခဲ့

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေကြား တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို အချောသတ် နိုင်ဖို့ ရန်ကုန်မြို့မှာ သုံးရက် ဆွေးနွေး နေကြစဉ်မှာဘဲ ရှမ်းပြည် မြောက်ပိုင်း နဲ့ ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအို ဒေသတွေမှာ အစိုးရနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း အဖွဲ့ SSPP/SSA ထိန်းချုပ်တဲ့ မိုင်းရှူးမြို့နယ် မိုင်းအော့ ကျေးရွာအုပ်စု လွယ်နိုင်းခွင် မှာ အစိုးရ တပ်ရင်း ၅၆၉ က ဇူလိုင်လ ၂၀ ရက်နေ့က စပြီး လာရောက် တိုက်ခိုက် ခဲ့တယ်လို့ အဲဒီအဖွဲ့ ရဲ့အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင် က ဘီဘီစီကို ပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတဲ့ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့ တွေ မှာလည်းတိုက်ပွဲ တွေဆက်ဖြစ် ခဲ့တာကြောင့် အစိုးရ ဖက်က ငြိမ်းချမ်းရေး ကိုယ်စားလှယ် တွေဖြစ်တဲ့ ဝန်ကြီးဦးအောင်မင်း နဲ့ လွှတ်တော်အမတ် ဦးသိန်းဇော်၊ ဝန်ကြီးဦးခင်မောင်စိုး၊ ဝန်ကြီးဦးခင်ရီ၊ တပ်မတော် ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း တို့နဲ့ ရှမ်းကချင် တိုင်းရင်းသား ခေါင်းဆောင်တွေ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ ကြကြောင်း သူက ပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ရှမ်း၊ ကချင် ဒေသတွေ အပြင် ဒီကေဘီအေ နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ တိုင်းရင်းသားတွေ ဖက်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရ ကိုယ်စားလှယ် တွေဖက်က ဒီအတွက် ဝမ်းနည်း ကြောင်းနဲ့ တိုက်ပွဲ တွေ ရပ်သွားဖို့ ဝိုင်းဝန်းကြိုးစား ကြမယ် ဆိုတာကိုနှစ်ဖက် သဘောတူညီ ကြကြောင်းလည်း စဝ်ခွန်ဆိုင်က ပြောပါတယ်။

ခုလို တိုက်ပွဲတွေ ဖြစ်နေတဲ့ အကြောင်းတခုက ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ စစ်တပ်က အလိုအလျောက် ပါဝါ ကြီးနေတာကြောင့် အစိုးရ အနေနဲ့ တချို့နေရာ တွေမှာလုပ်ကိုင် ရတာခက်နေပုံ ရတယ်လို့ သူကဆိုပါတယ်။

သမ္မတကိုယ်တိုင်က ဝင်ရောက် တားဆီး ရင်တော့ ရနိုင်လိမ့်မယ် လို့လည်း ရှမ်းပြည် မြောက်ပိုင်း အဖွဲ့ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က ပြောသွားခဲ့ပါတယ်။