မြန်မာ​လူ့​အခွင့်​အရေးကော်​မရှင်​နဲ့ ကျောင်းသား​တွေ တွေ့​ဆုံ​မ​ယ်

student_protest
Image caption မကြာခင် မှာ လက်ပံတန်း ဖြစ်ရပ် ၅ လပြည့် အခမ်းအနား ကျင်းပဖို့ ရှိသလို အဲ့ဒီ့ ဖြစ်ရပ် နဲ့ ပတ်သက် တဲ့ အသေးစိတ် အစီရင်ခံ စာ တစ်စောင် ထွက်လာဖို့ လည်း ကြိုးစား နေ။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် နဲ့ ဒီမိုကရေစီ ပညာရေး သပိတ် မှောက် ကျောင်းသား တွေ နဲ့ ဇူလိုင် ၇ ရက် နေ့ မှာ တွေ့ဆုံ ကြဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက် နေ့ က လက်ပံတန်းမြို့ မှာ ကျောင်းသား တွေ ကို အာဏာပိုင် တွေ က အင်အားသုံး ပြီး အကြမ်းဖက် ရိုက်နှက် ဖြိုခွဲ ခဲ့တဲ့ ကိစ္စ ကို လူ့အခွင့်အရေး ကော်မရှင် ဆီ ကို ကျောင်းသား တွေ ဘက် က တိုင် ကြား ခဲ့တဲ့ နောက် အခုလို ကော်မရှင် နဲ့ ကျောင်းသား တွေ တွေ့ဆုံ ကြဖို့ ဖြစ်လာတာ ပါ။

ကျောင်းသား တွေ ကို ရက်ရက် စက်စက် ရိုက်နှက် ဖမ်းဆီး ပြီး တဲ့နောက် ပြစ်မှု ဆိုင်ရာ ပုဒ်မ တွေ တပ်ပြီး တရားစွဲဆို ထိန်းသိမ်း ထားတာ ဟာ အခြေခံ ဥပဒေ နဲ့ မလျော်ညီ တဲ့ အတွက် အခုလို တိုင်ကြား ရတာ ဖြစ်တယ် လို့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် တယောက် ဖြစ်တဲ့ ဗကသ ပြောခွင့်ရ ကိုအောင်နေပိုင် က ပြောပါတယ်။

အဖမ်းဆီး ခံထား ရာကနေ ပြန်လည် လွတ်မြောက် လာခဲ့ကြတဲ့ ၉ တန်းကျောင်းသား ကိုအောင်မင်းခိုင် အပါအဝင် ကျောင်းသား ၁၈ ယောက် က ဦးဆောင် ပြီး ဇူလိုင် ၈ ရက် နေ့ တုန်းက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဆီကို တိုင်ကြားစာ တစ်စောင် ပို့ ခဲ့တာ ဖြစ်တယ် လို့ လည်း ကိုအောင်နေပိုင် က ဆိုပါတယ်။

မြန်မာ ပြည်ထဲ က လူ့အခွင့်အရေး ချိုးဖောက် မှု တွေ ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ စုံစမ်း ဖော်ထုတ် ရမည့် ဝတ္တရား ရှိပေမယ့် လည်း အခုလို တိုင်ကြား သူ ရှိမှ ခေါ် တွေ့ တာ မျိုး ပဲ ဖြစ်နေသေး လို့ လူ့အခွင့်အရေး ကော်မရှင် ဟာ သီးခြား လွတ်လပ် တဲ့ အဖွဲ့အစည်း တစ်ရပ် ထက် စာရင် အာဏာပိုင် တွေ ရဲ့ ဩဇာ စွက်ဖက် လွှမ်းမိုး နေနိုင် တယ် လို့ လည်း ကိုအောင်နေပိုင် က ဝေဖန် ပါတယ်။

ကျောင်းသားတွေ အပေါ် အကြမ်းဖက် ကျူးလွန် ခဲ့သူ တွေ ကို နိုင်ငံသား ကာကွယ်စောင့်ရှောက် မှု ဆိုင်ရာ ဥပဒေ နဲ့ ကျောင်းသား တွေ ဘက်က တရားစွဲ ဆို ဖို့ ပြင်ဆင် နေသလို၊ အာဆီယံ လူ့အခွင့်အရေး ကော်မရှင် နဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်း တွေ အထိ တိုင်ကြား သွားဖို့ လုပ်ဆောင် သွားမယ် လို့လည်း ကိုအောင်နေပိုင် က ပြောပါတယ်။

မကြာခင် မှာ လက်ပံတန်း ဖြစ်ရပ် ၅ လပြည့် အခမ်းအနား ကျင်းပဖို့ ရှိသလို အဲ့ဒီ့ ဖြစ်ရပ် နဲ့ ပတ်သက် တဲ့ အသေးစိတ် အစီရင်ခံ စာ တစ်စောင် ထွက်လာဖို့ လည်း ကြိုးစား နေတယ် ဆိုပြီး ကိုအောင်နေပိုင် က ဆိုပါတယ်။

လွှတ်တော် က အတည်ပြု ထားတဲ့ အမျိုးသား ပညာရေး ဥပဒေ ကို ပြင်ဆင် တဲ့ ဥပဒေ ဟာ ၄ ပွင့်ဆိုင် ကတိကဝတ် တွေ ကို ချိုးဖောက် ထားတာ ဖြစ်လို့ ဒီမိုကရေစီ ပညာရေး အတွက် ဆက်လက် တိုက်ပွဲ ဝင် သွား မှာ ဖြစ်ပြီး အဖမ်းဆီးခံ ကျောင်းသား တွေ ပြန်လည် လွတ်မြောက် ရေး အတွက် လည်း တောင်းဆို မယ် ဆိုပြီး ကိုအောင်နေပိုင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ