သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းဖို့ တောင်းဆို

  • 27 ဇူလိုင် 2015
Image caption ဇေယျာသီရိ မြို့နယ် မဲဆန္ဒရှင်၂ ဒဿမ ၇၃ ရာခိုင် နှုန်းက လက်မှတ် ရေးထိုး တောင်းဆို

သူရ ဦးရွှေမန်းကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကနေ ပြန်လည် ရုပ်သိမ်း ပေးဖို့ ဇေယျာသီရိ မြို့နယ်မဲ ဆန္ဒရှင် တချို့က လက်မှတ် ရေးထိုး တောင်းဆိုလိုက် ပါတယ်။

လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုး ဖောက်တယ်၊ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ အရည် အချင်း ပျက်ယွင်းတယ်၊ ဥပဒေ အရ ပေးအပ်တဲ့ တာဝန် တွေကို ထမ်းဆောင်ဖို့ ပျက်ကွက် တယ်လို့ တောင်းဆို စာထဲမှာ ဖော်ပြထား ပါတယ်။

ဇေယျာသီရိ မြို့နယ် မဲဆန္ဒရှင်၂ ဒဿမ ၇၃ ရာခိုင်နှုန်းက လက်မှတ် ထိုးထားတဲ့ ဇူလိုင်လ ၂၄ ရက် နေ့စွဲပါ အဲဒီ စာကို ရွေးကောက်ပွဲ ကော်မရှင်က လက်ခံ ရရှိထားကြောင်း ဘီဘီစီကို ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၃၉၆ (ခ) အရ မဆန္ဒရှင် အနည်းဆုံး ၁ ရာခိုင်နှုန်းက လက်မှတ်ထိုး တင်ပြရင် အရေးယူ ဆောင်ရွက် ရမှာ ဖြစ်ပြီး၊ အခု ကိစ္စဟာ အပြင်းထန်ဆုံး စွပ်စွဲချက် ဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ဘီဘီစီကို ပြောပါတယ်။

တကယ်တမ်း မှာတော့ လွှတ်တော် ကိုယ်စားလှယ်ကို ပြန်ရုပ် သိမ်းဖို့ အတွက် လွှတ်တော်မှာ ဥပဒေ ပြဌာန်းချက် မရှိသေးပါ။

ဒီအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့လည်း ဆက်ပြီး ဆောင်ရွက်မှုတွေ လုပ်လို့မရပါ။

ဒီတော့ အခု လို တင်ပြ ခြင်းဟာ နိုင်ငံရေး အရ အကျိုး အမြတ် ရဖို့ တဘက်ကို ထိုးနှက် တာ ဖြစ်မယ်လို့ သီပေါ မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးရဲထွန်းက သုံးသပ်ထား ပါတယ်။