သူရဦးရွှေမန်းနဲ့ ဘီဘီစီ မေးမြန်းခန်း

  • 28 ဇူလိုင် 2015
shwe mann ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း

မေး။ဟုတ်ကဲ့ပါခင်ဗျ ဒီ၂ဝ၁၅ ပေါ့လေ၊ ဒီ ရွေးကောက်ပွဲ ဟာ ဥက္ကဋ္ဌ ကြီး အတွက် ဘယ်လောက်များ အရေးပါ ပါသလဲခင်ဗျ။

ဖြေ။ ဒီ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲ ဟာ ကျွန်တော့်အတွက် ရေးပါသလို ကျွန်တော်တို့ နိုင်ငံအတွက် လဲ အင်မတန်မှ အရေးကြီး အရေးပါတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကို အောင်မြင် ချောမွေ့စွာ ဆောင်ရွက် နိုင်ပါမှ ကျွန်တော်တို့ နိုင်ငံ တည်ဆောက်ချင်တဲ့ လိုလားတဲ့ ပါတီစုံ ဒီမိုကရေစီ နဲ့ ဈေးကွက် စီးပွားရေး စနစ်ကို ရှေ့ကို တက်လှမ်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့် အတွက် အရေးကြီး တယ် ဆိုတာ ထက် နိုင်ငံအတွက် အင်မတန် အရေးကြီးတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ပါတယ်။

မေး။ ဟုတ်ကဲ့ ဒီရွေးကောက်ပွဲမှာ ဥက္ကဋ္ဌ ကြီး အနေနဲ့ ကျွန်တော်တို့ သိရသလောက် တော့ ဖြူးမြို့နယ် မဲဆန္ဒ နယ်က ဝင်ရောက် အရွေးခံမယ် လို့ သိရပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲ တုန်းက ဇေယျာသီရိ မြို့နယ်က အရွေး ခံခဲ့ပါတယ်။ ဘာကြောင့် ဇေယျာသီရိ မြို့နယ် က ဆက်ပြီး အရွေးမခံတာ ပါလဲ ခင်ဗျ။

ဖြေ။ ဖြူးမြို့နယ်က ကျွန်တော်ရဲ့ မွေးဇာတိမြို့ ဖြစ်ပါတယ်။ ဖြူးမြို့နယ်ကို ကိုယ်စားပြုပြီး ဖြူးမြို့နယ်ကို အခြေခံပြီး နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွား အတွက် ဆောင်ရွက်ခွင့် ရရှိဖို့ပဲ ဖြစ်ပါတယ်။ ခုနမေးတဲ့ မေးခွန်း မှာ ဇေယျာသီရိ မြို့နယ်မှာ ၂ဝ၁ဝ ရွေးကောက်ပွဲ တုန်းက ဝင်ခဲ့ပါတယ်။ ရွေးကောက်ပွဲလဲ အောင်မြင်မှု ရာခိုင်နှုန်း ထိပ်ဆုံးက ရရှိခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းလဲ ကျွန်တော့် အနေနဲ့ ဇေယျာသီရိ မြို့နယ် ကို တတ်နိုင်သမျှ ဖွံ့ဖြိုးရေး အပါအဝင် တခြား ကိစ္စများ အတွက်လဲ ကျွန်တော် တတ်နိုင်သမျှ ဆောင်ရွက် ခဲ့ပါတယ်။ ဒီကနေ့ ဇေယျာသီရိ မြို့နယ်မှာ ရှိကြတဲ့ ပြည်သူလူထု ကလဲ ကျွန်တော့် အပေါ် ကြီးမား သော သံယောဇဉ် ယုံကြည်မှု များ ရှိပါတယ်။ သို့ရာတွင် ဒီဒေသကို ကျွန်တော် အတိုင်းအတာ တခု ထိ ဆောင်ရွက် ပြီးပြီ။ ဒါကြောင့် မွေးရပ်မြေ ဇာတိ ဖြစ်တဲ့ ဖြူးမြို့နယ်ကို သွားရောက် ပြီး ဖြူးမြို့နယ် ကို အခြေခံပြီး နိုင်ငံတော်နှင့် နိုင်ငံသား အကျိုး စီးပွား ကို ဆောင်ရွက်ခွင့် ရအောင် သွားရောက် အရွေးခံခြင်း ဖြစ်ပါတယ်။

မေး။ ဟုတ်ကဲ့ခင်ဗျ၊ အခုလောလောဆယ် သတင်းတွေ ထဲမှာ ဇေယျာသီရိ မြို့နယ်က မဲဆန္ဒရှင် တပ်မတော် သား အချို့ ကနေပြီးတော့ ဥက္ကဋ္ဌကြီးကို လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကနေ ရုပ်သိမ်းဖို့ ဆိုပြီးတော့ ကော်မရှင် မှာ လက်မှတ် ရေးထိုး တောင်းဆိုမှုတွေ လုပ်လာတာ တွေ့ရ ပါတယ်။ ဒါကကော မဲဆန္ဒနယ် ပြောင်းရတဲ့ အကြောင်း အချက် တခု ဖြစ်ပါသလား။

ဖြေ။ လုံးဝ မဖြစ်ပါဘူး၊ လုံးဝ သက်ဆိုင်ခြင်း မရှိပါဘူး။

မေး။ ဟုတ်ကဲ့ ၊ ဆိုတော့ အဲဒီ မဲဆန္ဒရှင် တပ်မတော်သား လက်မှတ် ရေးထိုး ထားတဲ့ စာထဲ မှာတော့ ဥက္ကဋ္ဌကြီးဟာ လွှတ်တော် ကိုယ်စားလှယ် တာဝန် တွေကို ပျက်ကွက်ခဲ့တယ်၊ နောက်ပြီးတော့ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်း ချက် တွေကို ချိုးဖောက်တယ် ဆိုပြီးတော့ ရေးသား ထားတာ မျိုးတွေ ရှိပါတယ် ခင်ဗျ။ ဒါနဲ့ ပတ်သက်လို့ ဥက္ကဋ္ဌ ကြီး အနေနဲ့ ဘာများ ပြောချင်ပါသလဲ ခင်ဗျ။

ဖြေ။ ကျွန်တော့် တာဝန် ကျွန်တော် ယူနိုင်ပါတယ်။ ထိုနည်းတူစွာပဲ သူတို့ တတွေက အခုလို တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ကိစ္စများ နဲ့ ကြိုးစားတယ် ဆိုလို့ရှိရင် လဲ ကျွန်တော့် ဘက်က အသင့်ရှိပါတယ်။ အားလုံး ဥပဒေ အရ ရင်ဆိုင် သွားမယ့် အနေအထား ရှိပါတယ်။

မေး။ ဟုတ်ကဲ့၊ အဲဒီအထဲမှာ စွပ်စွဲချက်ပေါ့လေ၊ အကြောင်းပြချက် တခုကတော့ တပ်မတော်နဲ့ နိုင်ငံတော် အပေါ် သစ္စာဖောက်တဲ့ ဟာမျိုး သူတို့ ပြင်းပြင်းထန်ထန် ပြောဆို ထားတာ ရှိပါတယ် ခင်ဗျ၊ ဒါကိုရော ဘယ်လို တုံ့ပြန် ချင်ပါသလဲ ခင်ဗျ။

ဖြေ။ အဲဒီတော့ သစ္စာဆိုတာ ဘာလဲ ဆိုတာ ကျွန်တော်တို့ ဆန်းစစ်ဖို့ လိုတယ်။ တပ်မတော်နဲ့ နိုင်ငံတော် အပေါ် သစ္စာဖောက်တယ် ဆိုတာ ဘယ်ကိစ္စတွေ အတွက် သစ္စာဖောက်တယ် လို့ စွပ်စွဲတာ ပါလဲ၊ ဒါသိဖို့ လိုပါတယ် ။ တခါတခါ မှာ ကျွန်တော်တို့ နိုင်ငံသား ထဲမှာ မရင့်ကျက်တဲ့ လူတွေ ရှိပါတယ်၊ အချို့ မရင့်ကျက်တဲ့ ဝန်ထမ်းတွေ ရှိပါတယ်၊ အဓိပ္ပာယ်ကို ဂဃဏန နားမလည် ဘဲနဲ့ သူများပြောလို့ သို့မဟုတ် သူများခိုင်းလို့ ပြောတဲ့ ရေးတဲ့ ကိစ္စ တွေ ရှိတတ်တာ ကိုလဲ ကျွန်တော်တို့ သတိပြုရမှာ ဖြစ်ပါတယ်။

မေး။ ဟုတ်ကဲ့ခင်ဗျာ၊ ဒီတော့ ၂ဝ၁၅ ရွေးကောက်ပွဲ မှာ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ အနိုင်ရခဲ့မယ် သမ္မတ လောင်း ဘယ်သူ ဖြစ်လာမလဲ ခင်ဗျ။

ဖြေ။၂ဝ၁၅ မှာ ပြည်ခိုင်ဖြိုးက ရွေးကောက်ပွဲမှာ နိုင်မယ် ဆိုရင် သမ္မတလောင်း ဘယ်သူဖြစ်မလဲ ဆိုတာတော့ ဖြေစရာ မလိုဘဲနဲ့ ဘီဘီစီက သိနေပြီလို့ ယူဆပါတယ်။

မေး။ ဟုတ်ကဲ့၊ ဒါပေမဲ့လည်း ပါတီတွင်း မှာပေါ့လေ၊ သမ္မတ ဦးသိန်းစိန်နဲ့ ဥက္ကဋ္ဌကြီး တို့ ကြား မှာ သမ္မတ နေရာအတွက် အားပြိုင်မှု တွေ ရှိတယ် လို့ ကြားနေရတော့ အဲဒါနဲ့ ပတ်သက် ပြီးတော့ကော ဘယ်လို နားလည်လို့ ရမလဲ ခင်ဗျ။

ဖြေ။ ကျွန်တော့် ဘက်ကတော့ အားပြိုင်တယ် ဆိုတာ ဘာမှ ပြောစရာ ဆွေးနွေးစရာ မရှိပါဘူး။ ပါတီ တခုရဲ့ သမ္မတလောင်း ကို သက်ဆိုင်ရာ ပါတီကပဲ ရွေးချယ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီပေါ်မှာပဲ မူတည် ပါတယ် ။

မေး။ပါတီက ဘယ်သူ့ကို ရွေးချယ် ထားပါသလဲ ခင်ဗျ။

ဖြေ။ပါတီက ဘယ်သူ့ကို ရွေးချယ်ထားသလဲ ဆိုတာတော့ အချိန်တန်ရင် တော့ ကြေညာမှာ ဖြစ်ပါတယ်။ စဉ်းစား လို့လဲ ရနိုင်ပါတယ်။ ( ရယ်လျက် )

မေး။ဒါတွေကိုလဲ ပြည်သူတွေက သိချင်မှာပဲ ခင်ဗျ။

ဖြေ။ဟုတ်ကဲ့၊ သိကြမှာပါ။ သိခွင့်ရတဲ့ အချိန် သိကြ ရမှာပါ။ အခုလဲ စဉ်းစားမယ် ဆိုရင် စဉ်းစားလို့ ရမယ့် ကိစ္စ တခုပါ။

မေး။ ဒီတော့ ဥက္ကဋ္ဌ ကြီးကို ဆိုလိုတာလား ခင်ဗျ။

ဖြေ။ ကျွန်တော့်ကို ဆိုလိုတာ ဆိုတာထက် စဉ်းစားလို့ ရနိုင်မယ့် အကြောင်းကို ပြောခြင်းဖြစ်ပါတယ်။

မေး။ ပြည်ထောင်စု အစိုးရ အဖွဲ့ က ဝန်ကြီးတွေကို ပေါ့လေ၊ ပါတီတွင်းကနေ ကိုယ်စားလှယ် လောင်း အဖြစ် ဒီရွေးကောက်ပွဲမှာ ဝင်ခွင့် မပြုဘူး လို့လဲ ကြားနေရပါတယ် ခင်ဗျ၊ အဲဒါ ဘာကြောင့်ပါလဲ ခင်ဗျ။

ဖြေ။ အဲဒီ သတင်းဆိုရင် မှားပါလိမ့်မယ်။ အစိုးရအဖွဲ့ထဲက အချို့ ဝန်ကြီးရှိမယ်၊ ဒုတိယ ဝန်ကြီး ရှိမယ်။ သူတို့ အဆိုပြုချက် ပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ ပါတီ ဗဟိုကကော၊ အောက်ခြေ လူထုက စဉ်းစား ပြီးတော့ကော သင့်လျော်သော နေရာမှာ ကိုယ်စားလှယ် လောင်း အဖြစ် လျာထား ပေးပါတယ်။ အချို့ နေရာမှာ အောက်ခြေ အဆင့်ဆင့် ကနေ ပြီးတော့ လက်ခံနိုင်ခြင်း မရှိတဲ့အတွက် ဒီလိုပုဂ္ဂိုလ်မျိုး ဒီလိုဝန်ကြီး ဒုဝန်ကြီး မျိုး ကိုတော့ ပါတီ ကိုယ်စားလှယ်အဖြစ် သတ်မှတ် ပေးနိုင်ခြင်း မရှိတာလဲ အမှန်ပါပဲ။

မေး။ တဆက်တည်း စစ်တပ်ထဲကနေ ပြီးတော့ အငြိမ်းစားယူ ပြီးတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ၃ ပုံ ၂ ပုံ လောက်ကို ပါတီတွင်း ကိုယ်စားလှယ် အဖြစ် မရွေးချယ်ဘူး လို့ သိရပါတယ်။ အဲဒါကကော ဘာကြောင့်ပါလဲ ခင်ဗျ။

ဖြေ။ အဲဒါကလဲ ခုနက မေးခွန်းကို ကျွန်တော်ဖြေတဲ့ အတိုင်းပဲ ဖြစ်ပါတယ် ခင်ဗျ။

မေး။ ဟုတ်ကဲ့၊ အောက်ခြေ လူထုလူတန်းစားက လက်မခံတဲ့ အတွက်

( သူရဦးရွှေမန်း ) အောက်ခြေလူထု လူတန်းစား ဆိုတာထက် ပါတီကိစ္စ ဖြစ်တဲ့အတွက် အောက်ခြေ ပါတီ ဖြစ်ပါတယ်။ ပါတီကလဲ လူထု လူတန်းစားထုကို အခြေခံ ထားတဲ့အတွက် အောက်ခြေပါတီ ဆိုရင် လုံလောက် ပါတယ်။

မေး။ အပြင်မှာပေါ့လေ၊ အစိုးရနဲ့စစ်တပ်က တဘက်ပေါ့လေ၊ ဥက္ကဌကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ကလဲ နီးနီးစပ်စပ်ရှိတယ် ဆိုပြီးတော့ ကြားနေရပါတယ် ခင်ဗျ။ အဲဒါကကော ဟုတ်ပါသလား ခင်ဗျ။

ဖြေ။ ဒီဟာကလဲ အခုလို ယူဆလို့ ရနိုင်စရာ အကြောင်းတွေ ဖြစ်ပေါ် လာပါတယ်။ ထပ်ပြီးတော့ ကျွန်တော် ရှင်းအောင် ပြောမယ် ဆိုရင် ကျွန်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည် တဘက် ဆိုတာထက် ကျွန်တော်နဲ့ ပြည်သူတွေ က တဘက်လို့ ပြောနိုင်ပါတယ်။

မေး။ ဟုတ်ကဲ့၊ ကျွန်တော်တို့ သိရသလောက် တော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မကြာခဏ သီးသန့် တွေ့ဆုံမှု တွေ ရှိနေတယ်လို့ သိရပါတယ်။ဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥက္ကဋ္ဌ ကြီး ကြားမှာ တဘက်နဲ့ တဘက် ကြား မှာ အပြန်အလှန် နားလည်မှု သဘော တူညီမှု ယူထားတာများ ရှိပါသလား ခင်ဗျ။

ဖြေ။ ရှိပါတယ်၊ နားလည်မှု သဘောတူညီမှု ယုံကြည်မှု တွေရှိပါတယ်။ ဒါကဘာလဲ ဆိုရင် ကျွန်တော်တို့ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွား အတွက်ကို ဆိုရင် ကျွန်တော်တို့ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မယ် ရွေးကောက်ပွဲ ကျရင်တော့ အနိုင်ရအောင် ပြိုင်ကြမယ်၊ ဒါ ကျွန်တော် တို့ရဲ့ နားလည်မှု ယုံကြည်မှု ပြောမယ်ဆို ရင် ဂျန်တဲမန်းအဂရိမန့်(Gentlemen agreement)( လူကြီးလူကောင်းသဘောတူညီချက် ) ဖြစ်ပါတယ်။

မေး။ ဒီ၂ဝ၁၅ ရွေးကောက်ပွဲ ပြီးသွားရင် ဆိုရင်ပေါ့လေ၊ NLD နဲ့ တိုင်းရင်းသား ပါတီတွေ လွှတ်တော် ထဲမှာ ပိုပြီး တော့ နေရာရ လာလိမ့်မယ် လို့ သုံးသပ်မှုတွေ ရှိပါတယ် ခင်ဗျ။ ဒီအတွက် ပြည်ခိုင်ဖြိုး ပါတီတွင်းမှာ ဘယ် လောက် စိုးရိမ်မှုတွေ ရှိပါသလဲ ခင်ဗျ ။

ဖြေ။ ကျွန်တော်တို့ ထူးထူးခြားခြား စိုးရိမ်မှု မရှိပါဘူး။ ဒီလေးနှစ်တာ ပြုပြင် ပြောင်းလဲရေး ကာလမှာ ပြည်ခိုင်ဖြိုး ပါတီကို ပြုပြင် ပြောင်းလဲရေး တွေ ပြုလုပ်ခဲ့ ပါတယ်။ အဓိကတော့ ပြည်သူ့ပါတီ မဟာဗျူဟာ အဖြစ် ရည်မှန်းချက် ထားပြီးတဲ့ အခါမှာ ပြည်သူနဲ့ တသားထဲ ဖြစ်အောင် ဒီထက် ပိုပြောရမယ် ဆိုရင် ပြည်သူ့ သဘောထား ပြည်သူ့ဆန္ဒ ဖြစ်အောင် ကျွန်တော်တို့ အလေးထားပါတယ်။ ဒီအတိုင်းပဲ ပြည်သူ့ အခွင့်အရေးကို ဦးစား ပေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ပြည်သူ့ရဲ့ လိုအပ်ချက်ကို ကူညီ ဆောင်ရွက် ပေးမှာ ဖြစ်တဲ့ အတွက် ဒီကနေ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီဟာ ပြည်သူနဲ့ တသားတည်း ဖြစ်အောင် ကြိုးစား ဆောင်ရွက် နေသလို တဘက် ကလည်း ပြုပြင် ပြောင်းလဲရေး အတွက် ကျွန်တော်တို့က အပြောမဟုတ်ဘဲ နဲ့ အလုပ်နဲ့ ဆောင်ရွက် နေတာ ဖြစ်တဲ့အတွက် ဒီအပေါ် ပြည်သူတွေ ပိုပြီး နားလည် လာပြီ ဖြစ်တဲ့ အတွက် ရွေးကောက်ပွဲ အတွက် စိုးရိမ်မှု မရှိပါဘူး။ ထိုနည်းတူစွာပဲ တိုင်းရင်းသားများ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ အပိုင်းကို စိုးရိမ်မှု မရှိပါဘူး။ကျွန်တော်တို့ဟာ စေတနာမှန် လုပ်နည်းလုပ်ဟန် မှန်မှန်နဲ့ပဲ ဆောင် ရွက် သွားမှာ ဖြစ်ပါတယ်။

မေး။ ဟုတ်ကဲ့၊ ဥက္ကဋ္ဌကြီးက အောင်နိုင်ရေး မှာလဲ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ပြောခဲ့တဲ့ အထဲမှာ တရားမျှတပြီး သန့်ရှင်းတဲ့ အောင်နိုင်မှု ဖြစ်အောင်လုပ်မယ် လို့ ပြောပါတယ်။ ဒါပေမဲ့ ၂ဝ၁ဝ မှာ ပြည်ခိုင်ဖြိုး ပါတီ အနေနဲ့ ကြိုတင်မဲ ဆိုတာနဲ့ အနိုင်ရခဲ့တယ် ဆိုပြီး တော်တော် များများ ဝေဖန်မှုတွေ ရှိခဲ့ပါတယ် ခင်ဗျ။ ဒီတခေါက် မှာကော အဲဒါမျိုး အစွန်းအထင်း မရှိဘဲနဲ့ အနိုင်ရအောင် ဘယ်လို ကြိုးပမ်းဖို့ စိတ်ကူးထားပါသလဲ။

ဖြေ။ ဟုတ်ကဲ့ခင်ဗျာ၊ ၂ဝ၁ဝ တုန်းက ပြည်ခိုင်ဖြိုးပါတီနဲ့ ဒီနေ့၂ဝ၁၅ ပြည်ခိုင်ဖြိုး ပါတီ ဟာ မတူတော့ပါ ဘူး။ ဗဟိုဦးစီးစနစ်များ လျော့ချပြီး တကယ့် ဒီမိုကရေစီ ကျင့်စဉ်များကို ကျွန်တော်တို့ ပါတီတွင်းမှာ ကျင့်သုံးနေပြီ ဖြစ် ပါတယ်။ ဒါကြောင့် မလို့ ၂ဝ၁ဝ တုန်းက ပြည်ခိုင်ဖြိုးပါတီနဲ့ ဒီကနေ့ ကျွန်တော် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီ က တခြားစီ ဖြစ်သွား ပါပြီ။ အဲဒီနည်းတူပဲ ၂ဝ၁ဝ တုန်းက ရွေးကောက်ပွဲမှာ ကြိုတင်မဲများ ကြောင့် ပြည်ခိုင်ဖြိုး ပါတီက အနိုင်ရရှိ သွားတယ် လို့ ဒီလိုပြောဆိုတဲ့ လေသံတွေလဲ ကြားရပါတယ်။ ဒီနေ တော့ ကျွန်တော် အမြဲတမ်း တင်ပြ ပြောဆို နေတဲ့ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်၊ အဲဒီ ရွေးကောက်ပွဲ ဟာ ပွင့်လင်း မြင်သာမှု ရှိရမယ်။ ဒါကြောင့် ကျွန်တော်တို့ ပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ သန့်ရှင်းစွာ အနိုင်ရရှိရေး အတွက် ဆောင်ရွက်မယ် လို့ ကျွန်တော် မကြာခဏ ပြောပါတယ်။ အဲဒီနည်းတူပဲ ပါတီ အသီးသီးက ပါတီ ကိုယ်စားလှယ်များ အနေဖြင့် လည်း ရွေးကောက်ပွဲ ဝင်တဲ့အခါ မှာ ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ထားတဲ့ ဥပဒေ နည်းဥပဒေများ အပြင် ဒီနေ့ Code of Conduct စတဲ့ ပါတီများ ပါတီ ကိုယ်စားလှယ်များ လိုက်နာ ကျင့်သုံးရမယ့် ကိစ္စများ လိုက်နာ ဆောင်ရွက် ဖို့ ကိုလည်း ကျွန်တော် အမြဲ တိုက်တွန်း နှိုးဆော် လျက် ရှိပါတယ်။

မေး။ ဥက္ကဋ္ဌကြီးက ဗဟို ဦးစီးစနစ် လျှော့ချတယ်လို့ ပြောပေမယ့်လည်း မကြာခင်က ကယား ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးအချို့ က ဗဟိုဦးစီး ချုပ်ကိုင်မှုတွေ များတယ် ဆိုပြီးတော့ ပါတီက နှုတ်ထွက်တယ် လို့ ကြားပါတယ် ခင်ဗျ။ အဲဒါကော ဘာကြောင့်ပါလဲ ခင်ဗျ။

ဖြေ။ အဲဒါက သူတို့အပြောပါ။ ပထမ ဝန်ကြီးချုပ်အနေနဲ့ နှုတ်ထွက်စာ တင်ပါတယ်။ နှုတ်ထွက်စာ တင်တဲ့ နေရာမှာ ပါတီက ပေးတဲ့ တာဝန်တွေကို ကျေပွန်စွာ ဆောင်ရွက် နိုင်ခြင်း မရှိဘူး။ စည်းရုံးရေး လုပ်ငန်းတွေကို မဆောင်ရွက် နိုင်ခဲ့ဘူး၊ ဒါကြောင့်မို့လို့ ပါတီက နှုတ်ထွက် အနားယူခွင့်ပြုပါ လို့ ဒီလို တင်ပြပါတယ်။ အဲဒီအချိန်မှာ ပါတီထုရဲ့ တိုင်တန်းမှု အရ ဝန်ကြီးချုပ်ကို ပါတီတွင်း စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ပြုလုပ်တဲ့ နေရာမှာ ပါတီက သူ့ကို အရေးယူမယ်၊ အရေးယူ ခံရမယ် ဆိုလို့ရှိရင် ပါတီ အနေနဲ့ လျှော့ပေါ့စွာ စဉ်းစား နိုင်ဖို့ အတွက် ကြိုတင် နှုတ်ထွက် ထားတာ ဖြစ်ပါတယ်။ ပါတီ အနေနဲ့လည်း စုံစမ်း စစ်ဆေးပြီးတဲ့ နောက်ပိုင်းမှာ စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ ကို မူတည်ပြီး တော့ ဗဟို အလုပ် အမှုဆောင် ထံ တင်ပြလာတဲ့ အခါမှာ ဗဟို အလုပ် အမှုဆောင် ရဲ့ ဆုံးဖြတ်ချက်နဲ့ ပါတီက နေပြီးတော့ ရပ်နားခွင့်ကို ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါတယ်။

မေး။ နောက်တခုက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပေါ့နော်၊ လွှတ်တော်ထဲမှာ ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမှုတွေ အပေါ်မှာ တပ်မတော်သား ကိုယ်စားလှယ် တွေရဲ့ ကန့်ကွက်မှု ကြောင့် မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။ ဒီတော့ကာ ၂၅ ရာခိုင်နှုန်း သော တပ်မတော်သား ကိုယ်စားလှယ် တွေ ဟာ ဒီမိုကရေစီ အပြောင်းအလဲ အတွက် အဟန့်အတားများ ဖြစ်နေပါသလား။ ဒီအတွက် ဒီအရေအတွက် ကို လျှော့ချဖို့ အစီအစဉ်များ ရှိပါသလား။

ဖြေ။ လောလောဆယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ နေရာမှာ တပ်မတော်သား ကိုယ်စားလှယ် များကော အစိုးရ ဘက်ကော ကျွန်တော် အလေးထား စဉ်းစားခဲ့ပါတယ်။ ဒီကနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ဖို့ ကြိုးစား ဆောင်ရွက်တဲ့ အခါမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အားလုံးကို ပြောင်းလဲဖို့ မစဉ်းစားခဲ့ပါဘူး။ ပြင်ဆင်သင့်တာ ပြင်ဆင်၊ ထားသင့်တာထား ဒီလိုစဉ်းစားပြီး ဆောင်ရွက်ခဲ့တာပါ ။

မေး။ ဒီတော့ ၂ဝ၁၅ အခု လောလောဆယ်မှာ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအတိုင်ပင်ခံ ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးအောင်သောင်း ကွယ်လွန်သွားပြီး ဖြစ်တဲ့နောက်မှာ ပြည်ခိုင်ဖြိုး ပါတီ မှာ ဘယ်လိုမျိုး အပြောင်းအလဲတွေ ရှိလာမှာလဲ ခင်ဗျ။

ဖြေ။ ဦးအောင်သောင်း ကွယ်လွန် အနိစ္စ ရောက်သွားတဲ့ အတွက် ကျွန်တော်တို့ အင်မတန်မှ ဝမ်းနည်း ပါတယ်။ ဦးအောင်သောင်း ဟာ နောက်ဆုံး အချိန်ထိ သူရဲ့ တာဝန် တွေကို ကျေပွန်စွာ ထမ်းဆောင် နိုင်ခဲ့ပါတယ်။ ပါတီ ပေါ်လည်း သစ္စာရှိပြီး တော့ တကယ် စွမ်းဆောင်ရည် ကောင်းတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ သို့ရာတွင် ဦးအောင်သောင်း ကွယ်လွန် သွားတဲ့ အတွက် ပါတီတွင်းမှာ ထူးခြားတဲ့ မူဝါဒဆိုင်ရာ အပြောင်းအလဲ မရှိပါဘူး။ ဒီပေါ် မူတည်ပြီး တော့ ပါတီမှာ ရှိကြတဲ့ ပါတီဝင်များ ဟာလဲ ဦးအောင်သောင်း လို စိတ်ဓာတ်များ ထားရှိပြီးတော့ ပါတီ ရှင်သန်ရေး ပါတီ အောင်မြင်ရေး အတွက် ပိုပြီး ကြိုးစား ချင်တဲ့ စိတ်တွေ ပေါ်ပေါက် လျက် ရှိပါတယ်။

မေး။ အစိုးရနဲ့ စစ်တပ်က တဘက် ဥက္ကဋ္ဌ ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့က တဘက် ဖြစ်နေတဲ့ အခါမျိုးမှာ ဒီလိုမျိုး ဖြစ်နေကြ တာတွေကို အချို့ကလဲ နိုင်ငံရေး ကစားကွက် ပြည်ခိုင်ဖြိုး ပါတီရဲ့ ကစားကွက် တခု အနေနဲ့ မြင်တဲ့လူ တွေလဲ မြင်ကြပါတယ်။ ဒါကလဲ တပ်မတော် ဦးစီးမှူး ကလဲ ပြည်ခိုင်ဖြိုး အသင်းကြီး ကနေ ပြည်ခိုင်ဖြိုး ပါတီ အဖြစ် ပြောင်းလဲ လာတယ် ဆိုတော့ လူတွေရဲ့ စိတ်ထဲမှာ သံသယတော့ ရှိနေကြ ပါတယ်။ ဒီတော့ ဒီသံသယ တွေ ပြေပျောက်အောင် ဘယ်လိုများ ဆောင်ရွက် နိုင်မလဲ ခင်ဗျ။

ဖြေ။ အဲဒီတော့ ဒီမေးခွန်းကို မေးမယ်ဆိုရင် ကာယကံရှင် ဒေါ်အောင်ဆန်း စုကြည် ကိုလဲ မေးသင့်ပါတယ်။ ထိုနည်းတူစွာပဲ ကျန်တဲ့ ခုနက မိတ်ဆွေ ပြောတဲ့ တပ်မတော်တို့ အစိုးရ အဖွဲ့ တို့ကို မေးခွင့်ရှိရင် မေးသင့်ပါ တယ်။ ကျွန်တော် ကတော့ စကားကို အခုတမျိုး တော်ကြာ တမျိုး ပြောတတ်တဲ့ အလေ့ မရှိပါဘူး။ ကျွန်တော် တို့က တည်ကြည် ဖြောင့်မတ် စွာပဲ အလုပ် တခုကို လုပ်ချင်ပါတယ်။ အချို့ကလဲ ကျွန်တော့်ကို ပြောပါတယ်၊ အရာရာ ကို ရိုးသားပြီး ဆောင်ရွက်လို့ မရဘူး၊ နိုင်ငံရေးက ရှုပ်ထွေးတယ်။ ဒါကြောင့် မလိုအမေး မျိုး အပြောမျိုး ရှိပါတယ်၊ ကျွန်တော် ကတော့ တည်ကြည် ဖြောင့်မတ်ဖို့ပဲ လိုလားပါတယ်၊ ကျွန်တော် ပရိယာယ်နဲ့ ဆောင်ရွက် နေတာ မဟုတ်ဘဲနဲ့ အရှိ အတိုင်းပဲ ဆောင်ရွက် နေခြင်း ဖြစ်ပါတယ်။

မေး။ ဒီမေးခွန်းက ထင်မြင် ယူဆချက်နဲ့ မေးတာပါ။ တကယ်လို့များ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌ ကြီးမျှော် မှန်းသလို သမ္မတ မဖြစ်လာခဲ့ဘူး ဆိုရင် နိုင်ငံရေး ကနေ အနားယူဖို့ အစီအစဉ် ရှိပါသလား။

ဖြေ။ နိုင်ငံရေး ကတော့ ခန့်မှန်းရတာ ခက်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး သမားတို့၊ နိုင်ငံရေး ပါတီ တို့ ဆိုတာ မျှော်မှန်းချက် ထားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ စစ်သား တယောက် ဖြစ်ခဲ့ သလို ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ တဲ့ စကား အတိုင်း ပါပဲ။ " Hope for The Best, Prepare for the worst" အကောင်းဆုံး အတွက် မျှော်လင့် ထားသလို အဆိုးဆုံး အတွက်လဲ ပြင်ဆင် ထားပါပြီ။ အဲဒီလို ပြင်ဆင်တဲ့နေရာမှာ ကျွန်တော်ရဲ့ ပြင်ဆင်မှု က ကျွန်တော်တို့ အသက်ရှင် ကျန်းမာ နေသရွေ့ နိုင်ငံနှင့် နိုင်ငံသား အကျိုးစီးပွား အတွက် ဆောင်ရွက်မယ်၊ တာဝန်ပေးရင် ပေးတဲ့အပေါ် မူတည်ပြီး ဆောင်ရွက်မယ်၊ ပြည်သူ များရဲ့ အဆုံးအဖြတ် သာ ဖြစ်ပါတယ်။

ဟုတ်ကဲ့၊ ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျ။

ဒီသတင်းနဲ့ပတ်သက်သမျှ