ပါတီရဲ့ သမ္မတလောင်းအဖြစ် လျာထားခံရတဲ့ သဘော ဦးရွှေမန်းပြော

  • 28 ဇူလိုင် 2015
BBC's U Ba Maw interviewed Thura U Shwe Mann ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဘီဘီစီ သတင်းထောက် ဦးဘမော်က ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းကို တွေ့ဆုံ မေးမြန်း

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ သမ္မတလောင်း အဖြစ် သူ့ကို အဆိုပြုဖို့ ရွေးချယ်ထားတာ သေချာ သလောက် ရှိနေပြီဆိုတဲ့ သဘော ဘီဘီစီနဲ့ သီးသန့် တွေ့ဆုံမေးမြန်း ခန်းမှာ ပြောခဲ့ပါတယ်။

နိုင်ငံတော် အကျိုးရှိမယ့် ကိစ္စတွေမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ ညှိနှိုင်းဆောင်ရွက်ဖို့ သဘောတူ ထားပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

တပ်မတော်နဲ့ နိုင်ငံတော်ကို သစ္စာဖောက်တယ်ဆိုပြီး တိုင်ကြားချက်တွေနဲ့ ပတ်သက်လို့ ဘယ်အချက်တွေကို ပြောတယ်ဆိုတာ အတိအကျ ထောက်ပြဖို့ တုံ့ပြန်လိုက်ပြီး တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေချက်ကြောင့် စာရေးသား တာမျိုး ဖြစ်နေသလား လို့ လည်း ဦးရွှေမန်းက ပြန်လည် မေးခွန်း ထုတ်လိုက် ပါတယ်။

သူ့လုပ်ဆောင်ချက်တွေကို သူတာဝန်ယူနိုင်ကြောင်းနဲ့ သူ့ကို စွပ်စွဲချက်တွေကို ဥပဒေ အရ ရင်ဆိုင် သွားမယ်လို့ လည်း သူရ ဦးရွှေမန်းက ပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ဦးရွှေမန်းက ဖြူးမြို့နယ်ကို ကိုယ်စားပြုပြီး ဝင်အရွေးခံမယ်လို့ ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ တုန်းက ဝင် အရွေးခံခဲ့တဲ့ ဇေယျာသီရိမြို့နယ်ကနေ ဝင် အရွေးမခံတော့တာဟာ အဲဒီက မဲဆန္ဒရှင် တပ်မတော် သားအချို့က သူ့ကို လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ရုပ်သိမ်းဖို့ လက်မှတ်ရေးထိုးပြီး ကော်မရှင်ကို တောင်းဆိုတာတွေနဲ့ သက်ဆိုင်သလားဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ မဟုတ်ကြောင်းနဲ့ ဖြူးမြို့နယ်ဟာ သူ့ရဲ့ ဇာတိဖြစ်လို့ သွားရောက် အရွေးခံမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ